တနှစ်အတွင်း မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်း တာကာ ၁၁၆ သန်းဖိုး ဖမ်းမိ

တနှစ်အတွင်း မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်း တာကာ ၁၁၆ သန်းဖိုး ဖမ်းမိ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်် နိုင်ငံ ကော့စ်ဘဇား အခြေစိုက် နယ်ခြားစောင့် ဘီဂျီဘီ အမှတ် (၁၇) တပ်ရင်းသည် မြန်မာ-ဘင်္ဂလား နယ်စပ် တလျှောက်မှ ၂၀၁၂ ခုနှစ် တစ်နှစ် အတွင်း တာကာ သန်းပေါင်း (၁၁၆) တန်ဖိုးရှိ မူးယစ် ဆေးဝါး အပါအဝင် မှောင်ခိုပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

မှောင်ခိုပစ္စည်းများနှင့် ဆက်စပ် အမှုပေါင်း (၁၁၉၀)နှင့် လူပေါင်း (၃၉) ဦးကိုလည်း  ၂၀၁၂ ခုနှစ်အတွင်း ရုံးတင် တရား စွဲဆိုနိုင်ခဲ့သည်ဟု ဆိုသည်။

ယနေ့ထုတ် ကော့စ်ဘဇား သတင်းစာက ရေးသားဖေါ်ပြရာတွင် ဖမ်းဆီးမိသည့် မှောင်ခို ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးမှာ အများဆုံး ဖြစ်ပြီး  မြန်မာနိုင်ငံက တင်သွင်းလာသည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ဖမ်းဆီးမိသော ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါးမှာ တာကာသန်း (၆၀) ဖိုးရှိပြီး မြန်ကျပ်ငွေနှင့် ဆိုလျှင် သန်း (၆၀၀) ဖိုးရှိသည်ဟု သိရသည်။

စုစုပေါင်း ဖမ်းဆီးမိသော မှောင်ခို ပစ္စည်း တန်ဖိုးမှာ တာကာ၁၁၆ ဒဿမ ၅၅ သန်း ဖြစ်ပြီး တာကာ ၅၆ သန်း ကျော်မှာ မူးယစ်ဆေးဝါးနှင့် မသက်ဆိုင်သော သာမန် မှောင်ခို ပစ္စည်းများ ဖြစ်ကြသည်ဟု ဆိုသည်။

ဖမ်းဆီးရရှိထားသော မူးယစ်ဆေးဝါးများကို ဒီဇင်ဘာ ၂၀ နေ့ (မနက်ဖြန်) တွင် ကျရောက်မည့် ဘီဂျီဘီ နှစ်ပတ်လည် အခမ်းအနားတွင်  ပွဲလမ်းသဘင် ပြုလုပ်ကာ မီးရှို့ဖျက်ဆီးပစ်မည်ဟု ဆိုသည်။

အမှတ်(၁၇) ဘီဂျီဘီတပ်ရင်းသည် ၁၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံသား ၁၉၆၆ ဦးဖမ်းဆီခဲ့ပြီး  ထိုအထဲမှ (၁၃) ဦးကို တရားစွဲဆို ထောင်ချမှတ်ခဲ့ကာ  (၁၉၅၃) ဦးကို မြန်မာ ပြည်ဘက်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဘီဂျီဘီ တပ်ရင်း (၁၇) သည် ကော့စ်ဘဇားမြို့တွင် အခြေစိုက်သည့် တပ်ရင်း ဖြစ်ပြီး အမှတ် (၄၂) တပ်ရင်းမှာ တက်ကနက်တွင် အခြေစိုက်ပြီး အမှတ် (၁၅) မှာ နတ်ကျောက်ဆရီမြို့တွင် အခြေစိုက်သည်။ အဆိုပါ တပ်ရင်း (၃) ခုစလုံးသည် မြန်မာနယ်စပ် ရခိုင်နှင့် အနီးဆုံးတွင် တည်ရှိသော တပ်ရင်းများ ဖြစ်ကြသည်။

Most read this week