ကယားပြည်နယ် လွိုင်ကော်မြို့နယ် ထူဒူငံသရွာရှိ အိမ်ခြံမြေများကို လက်နက်ကိုင် အဖွဲ့အစည်းတချို့ မှ အရာရှိများက လာရောက်သိမ်းဆည်းမှုများ ရှိနေတဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့နှင့် ထပ်မံပြီးတိုးချဲ့ သိမ်းဆည်းမှုတွေမပြုလုပ်ဖို့ ဒေသခံတွေက ပြည်နယ်အစိုးရထံ တင်ပြကြတယ်လို့ သိရပါတယ်။
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ အရာရှိတဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့၌ ဒေသခံတွေရဲ့ မြေယာတွေကို လာရောက် တိုင်းတာ မှတ်သားခြင်းပြုလုပ် ခဲ့တယ်လို့ မြေပိုင်ရှင် တဦးဖြစ်တဲ့ ဦးဝင်းမောင်က ပြောပါတယ်။
ထူဒူငံသရွာနှင့် ကလလတအဖွဲ့အစည်း ယခင်က သတ်မှတ်ထားသည့် သစ်ဆိပ်စိုက်ခင်း ၊ သစ်ဆိပ်စိုက်ခင်း မအောင်မြင်၍ ယခုတွင် ဒေသခံများက မိမိတို့ခြံကွက်တွင် တောင်ယာများ ပြန်လည်လုပ်ကိုင်စားသောက်ကြ သည့် နေရာ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
“ဒီနေ့ဦးတို့ဖြစ်နေတဲ့အရာလေးတခုကတော့ သူလိုချင်တဲ့တကွက်ကိုဦးတို့ ဖန်တီးပေးလိုက်တယ် ဒီနေ့ကိစ္စတော့ နဲနဲပြေလည်သလောက်ရှိသွားပြီ သူလိုချင်တဲ့တဝက်ကို သူတပြားတချပ်မှမပေးပဲနဲ့ ဦးတို့က သူ့ကို အလဟဿပေးလိုက်ရတယ်။ ပထမဆုံး ဦးပိုင်တဲ့မြေနေရာတခုကို ပေးလိုက်ရတယ်။ ဒါကတော့ ယူသွားတဲ့လူက ဦးအောင်ကျော်ပေါ့”လို့ ပြောပါတယ်။
ထူဒူငံသ ကျေးရွာ အနီးနား ၀န်းကျင်ရှိ မြေနေရာတွေကို စစ်အစိုးရ လက်ထက်ကတည်းက ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP (နဂါးအဖွဲ့) နှင့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ကလလတ (KNPLF)အဖွဲ့တို့ကို သီးသန့်ခွဲဝေချမှတ်ထားပြီးဖြစ်ပါတယ်။
ပြည်နယ်မြေစာရင်းရုံးမှ ဦးစီးမှူးဦးအောင်ဆွေက “ကလလတ ကလည်း သူ့နေရာနဲ့အတူရှိပါတယ်။ နဂါးအဖွဲ့အစည်းကလည်း သူ့မြေသူ့နေရာနဲ့အတူရှိထားပြီးသားဖြစ်ပါတယ်။ ဒီကိစ္စကတော့ ကျနော်တို့ ဆီကို ညွှန်ကြားချက်တွေ မရှိသေးဘူး ရောက်မလာသေးတော့ သိပ်မသိရပါဘူး” လို့ပြောပါတယ်။
အဖွဲ့အစည်းတွေအတွက် အစိုးရမှ ချမှတ်ပေးထားသောမြေနေရာများသည် ထူဒူငံသ ကျေးရွာနှင့် တဆက် တစပ်တည်း ဖြစ်နေပါတယ်။ ထူဒူငံသရွာရဲ့ တဘက်တချက်စီတွင် နဂါးအဖွဲ့နှင့် ကလလတအဖွဲ့အစည်းတို့ရဲ့ မြေကွက်တွေ ရှိနေကြပါတယ်။
ကယားပြည်နယ်မှ NLD ညီလာခံကျင်းပရေးကော်မတီ ဥက္ကဌမှ ဦးဒီဘော်က “သစ်ပင်တွေခုတ်ပေးရတယ် ငုတ်တွေတူးပေးရတယ် အခုကျမှအဖွဲ့အစည်းတွေလာနေမှပဲ ဒီအပိုင်းလေးနဲ့ အဆင်ပြေလာတော့ သူတို့က သူ့မြေကိုယ့်မြေလာလုနေကြတယ် တကယ့်တကယ်လယ်သမားတွေက သူ့မြေရှိပြီးသား ကျနော်တို့က ကိုယ့်ဟာကိုလုပ်စားလာတာ နှစ်ပေါင်း ၄၀ ကျော်ပြီ” လို့ပြောပါတယ်။
အဖွဲ့အစည်းနှစ်ခုကြားမှာ တည်ရှိနေတဲ့ ထူဒူငံသရွာရှိ မြေကွက်တွေကို တဖြည်းဖြည်းဖြင့် သတ်မှတ်ထားတဲ့ ဧရိယာထက်ကျော်လွန်လာပြီး ဒေသခံတွေကို ခြိမ်းခြောက်ကာ မြေယာတွေကိုအကွက်ချ၍ လိုက်လံရောင်းချ နေတယ်လို့ သိရပါတယ်။
“ကျမမြေကွက်က ဒီနားလေးစပ်ကြားလေးမှာပေါ့နော ကျမမြေကွက်ကိုလာလုပ်သွားတာ ခုတ်သွားတဲ့နေ့ရက် ကို ကျမမသိဘူး။ သွားတွေ့တော့ အိုး.. ဘာလို့ခြံခုတ်တာလဲ လို့မေးတော့။ ခင်ဗျားတို့ အဲဒါကျနော်တို့ နဂါးမြေပါဆိုပြီးတော့ လာခုတ်တယ် ပြီးတော့ ဘဲလိုဘဲခုတ်ခုတ်ဆိုပြီးတော့ ကျမအပင်စိုက်လိုက်တယ်။ ... ပြီးတော့ ကျမခြံဝန်း အဲဒီထိကို လာတိုင်းပြီးတော့ ရောင်းသွား လိုက်တယ်။ နောက်ထပ်လွန်ခဲ့တဲ့ တပတ်နှစ်ပတ်ပဲ လာရောင်းသွားသေးတယ် သိန်းလေးဆယ်နဲ့..။” လို့ မြေနေရာအသိမ်းခံရတဲ့ ထူဒူငံသ ရွာသူ ဒေါ်နိုဘယ်က ပြောပါတယ်။
မြေနေရာကိစ္စနှင့်ပတ်သက်ပြီး ဒေသခံတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဖွဲ့အစည်းထဲမှာ အရာရှိတချို့ ဒေသခံတို့ခြံကွက်ကို သိမ်းပြီးရောင်းလိုက်သည့် အကွက်များ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
“ကျမတို့က ဘယ်လိုမှပြောလို့မရ။ အဲဒီ မှာ ကျမတို့မောင်နှမကိုခေါ်တယ် ခုနှစ်ယောက် ရုံးအထိကိုခေါ်တယ် ဒါပေမဲ့ ကျမတို့မသွားဘူး။ ကျမတို့ကို ဒီးနားမှာလာတွေ့တယ်။ လာတွေ့တော့ ဥက္ကဌနဲ့အတွင်းရေးမှူးနဲ့ သာသနာဆရာ ၂ယောက် ၀တ်စုံနဲ့ဝတ်လာတယ်။ ပြီးတော့ ရွာလူကြီးတယောက်လာတယ်။ ခင်ဗျားတို့ မနှောတွေက တော်တော်မိုက်လား။ မင်းတို့ကိုဘယ်ကိုပို့ရမလဲ။ တောင်ကြိုတောင်ကြားကိုပို့ရမလား ဆိုပြီးတော့လက်နက်တွေ ထုတ်ပြီးတော့ပြတယ်။ ဒါကိုကြည့်တဲ့ ပြီးတော့ အဲဒီ အဖွားကြီးကိုဖယ်တဲ့ ကျမကို ပြောတယ်။ ခုကကျမတို့မောင်နှမတွေကိုပေါ့နော။ မင်းတို့ကိုထောင်ထဲကိုပို့ရမလားရဲကိုပို့ရမလား။ ကျမကျတော့ အမျိုးသမီးတယောက်ထဲ ပဲပါတယ်ဆိုတော့။ ပြောအားမရှိဘူး။ ခင်ဗျားတို့နောက်တခါထပ် လုပ်ကြည့် ကျနော်တို့နဲ့တွေ့မယ်။ ရဲနဲ့လာဖမ်းခိုင်းမယ် အဲလိုပြောတယ်။” လို့ ဒေါ်နိုဘယ်ကဆက်ပြော ပါတယ်။
ဒေသခံများအဆိုအရ ကလလတ ဥက္ကဌ ဦးထွန်းကျော် (ယခင် ဒုဥက္ကဌ) နှင့် ထူဒူငံသ ဒေသခံများပေါင်း စည်း၍ ထူဒူငံသရှိ မြေနေရာများအား အစိုးရမှလာရောက်သိမ်းယူမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့်မြေယာ တွေကို ထူဒူငံသကျေးရွာတွင်းမှာ သစ်စိမ့်စိုက်ခင်းများ ပြုလုပ်ရန်သစ်စိမ့် ပင်များကို ဧက(၁၀၀) တိုင်းတာပြီး စိုက်ပျိုးခဲ့သော်လည်း မအောင်မြင်ခဲ့ဘူးလို့သိရပါတယ်။
သို့သော်လည်းအခုအချိန်မှာ ၎င်းမြေနေရာတွင် လုပ်ကိုင်စိုက်ပျိုးနေကြသူတွေကို ဖယ်ရှားချင်နေကြောင်း ဒေသခံတွေက ဆိုပါတယ်။
“သူတို့ကကျွန်းပြန်စိုက်မယ်ဆိုပြီး အခုကကျနော်တို့ ... လယ်ပိုင်မြေပိုင်ရှင်တွေကို နားခိုင်းချင်တာ။ သူတို့က ဒီမြေကို သူတို့မြေပဲဆိုပြီး လုပ်တာ။” လို့ထူဒူငံသ ဒေသခံ ဦးကလဲဘာ ကပြောပါတယ်။
အခုလို မိမိတို့ပိုင်ဆိုင်သောမြေနေရာတွေကို လာရောက်သိမ်းယူသည့်အပေါ် ပြည်နယ်အစိုးရနှင့် ၀န်ကြီးချုပ် ထံ တင်ပြထားသော်လည်း တုံ့ပြန်မှုတစုံတရာ မရှိသေးကြောင်း သိရပါတယ်။
ထူဒူငံသကျေးရွာဟာ လွိုင်ကော်မြို့နယ်ထဲတွင် တည်ရှိပြီး ဒေသခံ အများစုမှာ ကယန်း နှင့် မနောလူမျိုးများ ဖြစ်ကြပါတယ်။