ပြည်တွင်းရှိ အလွှာပေါင်းစုံမှ လက်ရှိ အခြေအနေအပေါ် အမြင် သဘောထားများ စုစည်းနိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ပထမဆုံးအကြိမ် ပြည်တွင်း လေ့လာရေး ခရီးစဉ်ကို အင်္ဂါနေ့တွင် စတင်လိုက်သည်။
သီတင်း နှစ်ပတ် ကြာမြင့်မည့် ခရီးစဉ်ကို ဥက္ကဋ္ဌ ရဲဘော် သံခဲ ဦးဆောင်မည်ဟု ABSDF ဒု-ဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း က ပြောသည်။
“လေ့လာရေး ဆိုတာတော့ ဘက်ပေါင်းစုံက လေ့လာမှု ဆောင်ရွက်ဖို့ အစီအစဉ် ရှိပါတယ်။ အဓိက အရေးကြီး တာကတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ်မှာ အမြင် သဘောထားတွေ စုစည်းနိုင်ဖို့ အတွက် သွားတာပါ၊ အမြင် သဘောထား စုစည်းဖို့က အလွှာပေါင်းစုံက အမြင်သဘောထားတွေ စုစည်းဖို့ လိုတယ်လေ” ဟု မဇ္စျိမကို ပြောသည်။
ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် ကိုးဦးတွင် အတွင်းရေးမှူး ရဲဘော် ဆန်နီ အပါအဝင်၊ ရဲဘော် ဆလိုင်းယောအောင်၊ ရဲဘော် ကျော်လင်း၊ ရဲဘော် ကျော်ကို၊ ရဲဘော် မောင်ဦး၊ ရဲဘော် ကျော်သူရ၊ ရဲဘော် ဝင်းတင်ယန်၊ ရဲဘော် မိဆူးပွင့် တို့ ပါဝင်သည်။ နံနက် ၈ နာရီ ခန့်တွင် မြဝတီမြို့မှတဆင့် မြန်မာ ပြည်တွင်းသို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။
နိုဝင်ဘာလ ၉ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် ထိုကဲ့သို့
လေ့လာရေးခရီး သွားရောက်နိုင်ရန် နှစ်ဖက်အကြား သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
ယခု ခရီးစဉ်တွင် သမ္မတ ဦးဆောင် ဖော်ဆောင် နေသည့် ပြုပြင် ပြောင်းလဲမှုများကို လေ့လာရန်၊ ABSDF ၏ အနာဂါတ် နိုင်ငံရေး အခန်းကဏ္ဍအတွက် အမြင်သဘောထား စုစည်းရန်၊ မိသားစုများ၊ ABSDF ရဲဘော်ဟောင်းများနှင့် တွေ့ဆုံရန် ဟူ၍ ရည်မှန်းချက်များ ရှိကြောင်းလည်း သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗကသ များ၊ Generation Wave၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၆၂ မျိုးဆက် ဦးလှရွှေ ကဲ့သို့သော ကျောင်းသား ခေါင်းဆောင် ဟောင်းများ၊ ဝါရင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံရန် ရှိကြောင်းလည်း ရဲဘော် မျိုးဝင်း က မဇ္စျိမကို ထုတ်ဖော် ပြောကြားသည်။
ဒီဇင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့ခန့်တွင် နေပြည်တော်၌ အစိုးရပိုင်းနှင့် တွေ့ဆုံရန် ရှိပြီး မည်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်မည်ကို ထုတ်ဖော်ပြောကြားရန် ခက်နေသေးသော်လည်း ABSDF ဘက်မှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး စသည့် ဝန်ကြီးဌာနများနှင့် တွေ့ဆုံ နိုင်ရန် အစိုးရနှင့် အကြမ်းဖျင်း ဆွေးနွေးထားကြောင်း ရဲဘော် မျိုးဝင်း က ဆိုသည်။
“တဖက်မှာလည်း ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုတွေရဲ့ အမြင် သဘောထားတွေကို နားထောင်မှာ ဖြစ်သလို၊ လက်ရှိ ဦးသိန်းစိန် အစိုးရရဲ့ သက်ဆိုင်ရာဌာန အသီးသီးရဲ့ လုပ်ငန်းစဉ်တွေကို သိရှိအောင် လေ့လာပြီး အမြင်သဘောထားတွေကို သိရှိနိုင်အောင် တွေ့ဆုံဖို့ ရှိပါတယ်” ဟု ပြောသည်။
ထို့ပြင် လေ့လာရေး ခရီးစဉ် သွားရောက်သည့် ကိုယ်စားလှယ်များ၏ ဇာတိဒေသ အသီးသီး သို့လည်း မိမိတို့
အစီအစဉ်ဖြင့် သွားရောက်လည်ပတ်ကြကာ မိသားစု ဝင်များနှင့် တွေ့ဆုံ ကြရန်လည်း ရှိသည်။
ပြည်တွင်း ခရီးစဉ်အပေါ် မျှော်မှန်းထားချက်များနှင့် ပတ်သက်၍ “ပြောင်းလဲမှုတွေ ဖြစ်နေတယ် ဆိုပေမယ့်လည်း လက်ပံတောင်း ကိစ္စတို့၊ ကချင်တိုက်ပွဲ ကိစ္စတို့လို ပြောင်းလဲမှုကို အကျိုးသက်ရောက်မှု ရှိစေတဲ့ လက်ရှိအခြေအနေတွေလည်း ရှိတယ်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်း အောက်မှာ မကဒတ ရဲ့ အနာဂါတ် နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာတွေ အကြံပေးချင်လဲ၊ အကြံပြုချင်လဲ အဲဒါတွေလည်း ကျနော်တို့ ကြားချင်တယ်” ဟု ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း က မဇ္စျိမကို ပြောဆိုသည်။
ကျောင်းသားတပ်မတော်ခေါ် ABSDF မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အင်အားစု အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနှင့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အာမခံချက် ရှိသည့် အခြေခံဥပဒေတရပ် ပေါ်ပေါက်ရေး အပါအဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တရပ် ပေါ်ထွန်းရေး စသည့်တို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနှင့် ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးကြောင်း တနင်္လာနေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။
ခရီးစဉ် ပြီးဆုံးမည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် ရှိသည်ဟု သိရသည်။