မဒေးကျွန်း CNPC ရုံးရှေ့ ဆန္ဒပြမည့် အစီအစဉ် အာဏာပိုင်များ ပယ်ချ

မဒေးကျွန်း CNPC ရုံးရှေ့ ဆန္ဒပြမည့် အစီအစဉ် အာဏာပိုင်များ ပယ်ချ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းတွင် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း လုပ်ကိုင်နေသည့် တရုတ် China National Petroleum Corporation CNPC Project (CNPC) ကုမ္ပဏီ ရုံးခန်းရှေ့တွင် ဒေသခံ များ ငြိမ်းချမ်းစွာ ဆန္ဒပြမည့် အစီအစဉ်ကို ခွင့်ပြုချက် တင်ထားရာ အာဏာပိုင်များမှ ပယ်ချ လိုက်ကြောင်း သတင်း ရရှိသည်။

apply-to-Athority

ယခုကဲ့သလို့ ပယ်ချလိုက်ခြင်းမှာ ဆန္ဒပြခွင့်တင်ရာတွင်  တောင်းဆိုမည့် အချက်တချို့ ကို အာဏာပိုင်များမှ ဆောင်ရွက်ပေးမည်ဟု ဆိုကာ ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဉ်သူ ကိုထွန်းကြည်က  ပြောသည်။

“ကျွန်တော်မနေ့က မနက် ၁၁ နာရီမှာ ဆန္ဒပြခွင့် သွားတင်ပြီး အိမ်အပြန် လမ်းတစ်ဝက် အရောက်မှာ ခရိုင် အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ခေါ်လို့ လိုက်သွားပါတယ်။ ရုံးရောက်တော့ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့ နယ်ရဲမှူးနဲ့တခြားအရာရှိတွေနဲ့ တွေ့ပါတယ်။ သူတို့က ဆန္ဒမပြနဲ့ လျှောက်လွှာမှာ ပါတဲ့ အချက် တွေကို ဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်လည်း တစ်ယောက်တည်းဆိုတော့ ဌာနဆိုင်ရာ အရာရှိတွေကြားမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတဲ့ အတွက် တင်ထားတဲ့လျှောက်လွှာကို လက်မှတ်ထိုးပြီး ပြန်ထုတ်ယူခဲ့ပါတယ်” ဟု ဆိုသည်။

ဆန္ဒပြခွင့် တင်ရာတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ CNPC ရုံးရှေ့တွင် လူပေါင်း ၃၀၀ ခန့် ငြိမ်းချမ်းစွာ ဆန္ဒပြရန်နှင့် အချက် ရ ချက်ကို တောင်းဆိုရန် ပါရှိသည်ဟု ဆိုသည်။

“အချက် ရ ချက်ထဲက ၅ ချက်ကိုတော့ သူတို့ဆောင်ရွက် ပေးမယ်လို့ ပြောတယ်။ သိမ်းဆည်း လယ် ယာ/ဥယျာဉ်မြေတွေကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရန်ဆိုတဲ့ အချက်နဲ့ နောက်တချက် ကိုတော့ သူတို့စဉ်းစားပေးမယ်။ ဒါကနိုင်ငံတော်နဲ့ဆိုင်တယ် ဆိုပြီးပြော ပါတယ်” ဟု ကိုထွန်းကြည်က ပြောသည်။

ဆန္ဒပြရန် စီစဉ်သူများက သိမ်းဆည်းလယ်မြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရန်၊ အလုပ်သမား ကတ် ရရှိထားသည့် ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊ မဒေးကျွန်းအနီး ရွာမ-  ကျောက်တန်း-  ပိန်းကျေးရွာ ရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန်၊ အလုပ်သမားများ၏ လုပ်အားခကို နိုင်ငံတကာစံနှုန်း အ တိုင်းပေးရန်၊ မဒေးကျွန်းတွင် လူနေအိမ်၊ အဆောက်အဦးများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ဒေသခံများ လုံခြံုမှုရှိရေးအတွက် သူစိမ်း အလုပ်သမားများကို သေချာ စိစစ်ရန်နှင့် ကျွန်းပတ်လည်တွင် လွတ်လပ်စွာ ရေလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန်ဆိုသည့် အချက်များကို တောင်းဆိုရန် စီစဉ်ထားသည်ဟု သိရသည်။

ယခုကဲ့သို့ အာဏာပိုင်များမှ ဆန္ဒပြခွင့် လျှောက်လွာကို လက်မခံသည့် အတွက် ခရိုင် အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာသားများ တွေ့ဆုံ ဆွေးနွေးခွင့်ရရန် တောင်းဆို သွားမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။

ဆန္ဒပြခွင့်ရရေးအတွက် ခွင့်ပြုချက်ကို ဒီဇင်ဘာလ ၁၄ ရက် သောကြာနေ့ကတစ်ကြိမ် အာဏာပိုင် များထံ သွားရောက်တင်ခဲ့သော်လည်း မြို့နယ်မှုမရှိသည့် အတွက် ရဲစခန်းမှ လက်မခံခဲ့ဟု ကိုထွန်း ကြည်က ဆိုသည်။

“သောကြာနေ့က သွားတင်တဲ့အခါလည်း မြို့နယ်မှု မရှိဆိုးပြီး လက်မခံခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် သူငယ်ချင်းတွေက ဖေ့စ်ဘုတ်မှာ တင်လိုက်တဲ့အတွက် တချို့ သတင်းဌာနတွေနဲ့ ဂျာနယ်တွေ မှာတောင် ဒီသတင်းပါလာ တာ တွေ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ လျှောက်လွှာတင်တာကို လက်ခံပြီး ချက်ချင်း ပယ်ချလိုက်ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း အသုံးပြုရန် အတွက် လယ်ယာမြေ ၃ ပုံ ၂ ပုံခန့်ကို တရုတ်ကုမ္ပဏီများမှ သိမ်းဆည်းထားသည့်အတွက် လယ်သမား ရ၀ ခန့်မှာ လယ်ယာမဲ ့ ဖြစ်ကာ အများစုမှာ အလုပ်လက်မဲ့ ဖြစ်နေကြရသည်။

မဒေးကျွန်းမှ လယ်မြေအများစုကို စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အပေါင်းအပါများမှ မြေစာရင်းဌာနနှင့် ပူးပေါင်းကာ ဂရမ်ဖေါက်ပြီး ဦးပိုင်လုပ်ကာ တရုတ်ကုမ္ပဏီမှ လျှော်ကြေးငွေကို ထုတ်ယူသွားကြသဖြင့် ကျွန်းပေါ်ရှိ မြေပိုင်ရှင်များမှာ ငွေကြေး တပြားတချပ်မှ မရဘဲ မြေမဲယာမဲ့ အဖြစ်သို့ ရောက်နေကြရသည်ဟု လွှတ်တော် မြေယာ စစ်ဆေးရေး ကော်မရှင် တွင် ပါ၀င်သူ လူကြီး တစ်ဦးက ပြောသည်။

ပြည်သူ့လွတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် တခြားလယ်မြေသိမ်းဆည်းခံရမှု ကော်မှ ရှင်မှ လာရောက်စစ်ဆေးရာတွင်းလည်း မဒေးကျွန်းမှ ဦးမောင်လူကြီးနှင့် ဒေါ်မခင်အေးတို့ လယ်မြေ သိမ်း ဆည်းခံရမှု ၂ မှုကိုသာ စစ်ဆေးခဲ့ပြီး ကျန်လယ်မြေများကို စစ်ဆေးခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

Most read this week