ဆံတော်ရှင်ဘုရားပွဲတော် စည်ကားစွာ ကျင်းပမည်

ဆံတော်ရှင်ဘုရားပွဲတော် စည်ကားစွာ ကျင်းပမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တည်ရှိသော ဆံတော်ရှင် ဘုရားပွဲတော်ကို ယခုနှစ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း မြန်မာ အစိုးရပိုင် ကြေးမုံ သတင်းစာက ထုတ်ပြန် ကျေညာသည်။

Arakan-sandaw-shin-festival

ဒီဇင်္ဘာလ ၁၇ ရက်နေ့က ရေးသားဖေါ်ပြသာ သတင်းစာတွင် ပေါက်တောမြို့နယ် မြေငူကျွန်း၏ တောင်ဘက်အစွန်း နီလာ ပဗ္ဗတတောင်တော်ထိပ်၌ တည်ရှိသည့် ဆံတော်ရှင် စေတီတော်မြတ်မှာ ဓညဝတီခေတ် စန္ဒာသူရိယမင်းလက်ထက်၊ ဂေါတမမြတ်ဘုရားရှင်၏ ဆံတော်နှစ်ဆူကို ဌာပနာကာ ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့ကြသည့် တန်ခိုးကြီး သမိုင်းဝင် စေတီတော်မြတ်ဖြစ်ကြောင်း  ဖေါ်ပြသည်။

နှစ်စဉ်နှစ်တိုင်း ဆံတော်ရှင်ဘုရားပွဲတော်ကို နတ်တော်လတွင် ကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း ကျင်းပမြဲအတိုင်း ဆံတော်ရှင်ဘုရားပွဲတော်ကို နတ်တော်လဆန်း ၁၀ ရက်မှ နတ်တော် လပြည့်နေ့ အထိ (၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ၂၈ ရက်အထိ) စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း ဖေါ်ပြသည်။

ယခုနှစ်တွင် ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကြောင့် ဆံတော်ရှင် ဘုရားတော် ပွဲကျင်းပမည့် အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်လူထု အကြားတွင် မေးမြန်း စုံစမ်းမူများ ထွက်ပေါ်နေစဉ် သတင်းစာက ဘုရားပွဲတော်ကို နှစ်စဉ် နှစ်တိုင်း ကျင်းပသကဲ့သို့ ကျင်းပရန် သတင်း ဖေါ်ပြလာခြင်း ဖြစ်သည်။

ဆံတော်ရှင်စေတီတော်မှာ ပင်လယ်ထဲတွင် တည်ရှိသော ဖရုံကာကျွန်း အုပ်စုထဲရှိ မြေငူကျွန်းတွင် တည်ရှိသဖြင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာသူများသည် ပင်လယ်ပြင်ကို ဖြတ်ပြီး သင်္ဘောများ၊ မော်တော်ဘုတ်များ၊ စက်လှေများ သွားလာကြရသည်။

ကမ်းခြေ စောမဲကျီ ဆိပ်ကမ်းမှ ဆံတော်ရှင် ဘုရားသို့ တောင်များကို ဖြတ်ကျော်ကာ ခြေဖြင့် တစ်နာရီခန့် သွားရသဖြင့် ပင်လယ်ပြင်ကို စိတ်ဝင်စားသူ၊ တောင်တန်းများကို ဖြတ်ကျော် သွားလာလိုသူများအတွက် အတွေ့အကြံုအသစ်များ ရရှိစေသဖြင့် ဘုရားဖူးများ အတွက် အထူး စိတ်ဝင်စားဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာ ကောင်းသော ဘုရားပွဲတော် ဖြစ်သည်။

ဘုရားပွဲတော်တွင် ဇာတ်ပွဲများ၊ စတိတ်ရှိုးများဖြင့် ညလုံးပေါက် ဖြေဖျော်ပြီး စားသောက်ဆိုင်များ၊ စျေးဆိုင်များမှာလည်း ပွဲတော်တစ်ခုလုံး ပြည့်နှက်နေကြောင်း သိရသည်။

ဘုရားပွဲတော်သို့ ရခိုင်ပြည်နယ် တဝန်းလုံးမှသာမက မြန်မာပြည်မနှင့် ဘင်္ဂလာဒေချ့်မှလည်း လာရောက်ကြသည်ဟု သိရသည်။

Most read this week