မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးကောက် တင်မြှောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားထားရာ ယမန်နေ့က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များ စတင် ရွေးကောက်တင်မြှောက် နေကြောင်း သိရသည် ။
မူစယ်မြို့ပေါ် ရပ်ကွက် ၉ ခုရှိသည့်အနက် ရပ်ကွက် ၃ ခုတွင် အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင် မြှောက်ပြီး ဖြစ် ကြောင်း မြို့ခံရပ်မိရပ်ဖတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ရပ်ကွက်သူ ရပ်ကွက်သားတွေက ကိုယ်တိုင် မဲပေးစနစ်နဲ့ရွေးချယ်တာပေါ့။ ရပ်ကွက်သမာဓိက ကော်မရှင်သဘောမျိုး ထိန်း ကျောင်းပြီး လုပ်သွားတာပေါ့နော်။ မူစယ်မှာတော့ မနေ့က မြောက်ရပ်ကွက် တောင်ရပ်ကွက် စျေးရပ်ကွက် ဒီ ၃ ခုတော့ တင် မြှောက်ပြီးသွားပြီ ” ဟု အဆိုပါ မြို့ခံက ပြောသည် ။
ယခု ပြုလုပ်သည့် ရပ်ကွက်အဆင့် ရွေးကောက်ပွဲများမှာ မူစယ်မြို့အနေအထားအရ လွတ်လပ်ပြီး တရား မျှတမှု ရှိသည်ဟု ဆိုနိုင်သော်လည်း မြို့နယ်နှင့် ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးများကိုပါ ပြည်သူများကိုယ် တိုင် တိုက်ရိုက် ရွေးချယ်ခွင့်ရရန် လိုအပ်နေသေးကြောင်း သူက ထောက်ပြသည်။
“မူစယ်မြို့ အနေအထားအရ အခုလုပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေက လွတ်လပ်ပါတယ်။ ဒါပေမဲ့ ဒီ အဆင့်နဲ့တင် မလုံလောက်သေးဘူး။ ခုလို ဒီမိုကရေစီဘက် အကူးအပြောင်းကာလမှာ မြို့နယ် ၊ ခရိုင်အဆင့်တွေကိုပါ ဒေသခံတွေ ကိုယ်တိုင် တိုက်ရိုက်ရွေးချယ်တဲ့ စနစ်ဖြစ်ဖို့လိုတယ်။ ဒါမှ ဒေသခံ အကျိုး ပိုပြီးဆောင်ရွက်ပေးနိုင်မယ်” ဟု ဆိုသည် ။
လက်ရှိ ခရိုင်နှင့်မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများမှာ ဗဟိုမှ တိုက်ရိုက်ခန့်အပ်သူများ ဖြစ်ပြီး ၄င်းအုပ်ချုပ် သူများ မှာ ဒေသခံ တိုင်းရင်းသားများအရေး သိနားလည်သူများ မဟုတ်သဖြင့် တိုင်းရင်းသားများဘက်မှ နစ်နာကြောင်း သူက ဆိုသည်။
“ဒေသခံတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆိုရင် ဒီဒေသအကျိုးပိုလုပ်နိုင် မယ်ပေါ့ဗျာ။ အခု က ဒေသခံတွေ ဖြစ်တဲ့ ကချင် ၊ ပလောင် ၊ သျှမ်း အကြောင်း မသိတဲ့လူတွေ ဖြစ်နေတော့ တိုင်းရင်းသားတွေ ဘက်က အများကြီးနစ်နာပါတယ်”
ထို့အပြင် “ဥပမာပေါ့နော် သျှမ်းနှစ်သစ်ကူးပွဲဆိုရင် အရင်ဗိုလ်ချုပ်ခင်ညွန့် ကတော်က မြို့ထဲမှာ လုပ်တာ မတွေ့ချင်ဘူး ဆိုလို့ မြို့ပြင်ထုတ် ကျင်းပခိုင်းတာ။ ဒီနေ့အထိပဲ ဗမာတွေနှစ်သစ်ကူးကျတော့ မြို့လယ်မှာ ကျင်းပခွင့်ရတယ်ဗျာ။ နောက်တစ်ခုက ဒီလို တိုင်းရင်းသားတွေရဲ့ ပွဲတော်တွေဆို အစိုးရက ဘတ်ဂျက် တစ်ခါမှ မချပေးဖူးဘူး။ ကိုယ့်ဟာကိုယ် အလှူခံရ တဲ့ငွေလေးနဲ့ လုပ်ရတယ်။ ဘတ်ဂျက်ကိစ္စတွေဆို မရဘူးတော့ မေ့တောင်မေ့နေပြီ။ ဘာပဲလုပ်လုပ် သူတို့ခွင့်ပြုမှ လုပ်ရတဲ့ သဘောဖြစ် နေတယ်။ ဒီမိုကရေစီ အပြောင်းအလဲကာလမှာ ဒါမျိုးတွေ မဖြစ်သင့်တော့ဘူး။ ဒါကြောင့်မို့ ပြည်သူတွေ ကိုယ်တိုင် အထက် အဆင့်ဆင့်ကို ရွေးချယ်ခွင့်ရဖို့ လိုအပ်တယ်” ဟု သူက ဆက်ပြောသည်။