စီးပွားရေး ဇုံသစ် တည်ဆောက်ရန် ကျောက်ဖြူမြို့ကို အလုပ်သမား ဒုဝန်ကြီး လာရောက်

စီးပွားရေး ဇုံသစ် တည်ဆောက်ရန် ကျောက်ဖြူမြို့ကို အလုပ်သမား ဒုဝန်ကြီး လာရောက်
by -
နိရဥ္စရာ

ကျောက်ဖြူမြို့တွင် တည်ဆောက်မည့် စီးပွားရေးဇုံသစ် အတွက် မြေနေရာ မူကြမ်းသတ်မှတ်ရန် အလုပ်သမား ရေးရာ ဒုဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သည့်အဖွဲ့ တစ်ခုသည် ဒီဇင်ဘာလ ၉ ရက်နေ့က ကျောက်ဖြူကိုလာ ရောက်ကြည့် ရှုခဲ့သည်။

Kyauk-pru-Pipeline

ဒုဝန်ကြီး ဦးမြင့်သိန်း ခရီးစဉ်အတွင်း စီးပွားရေးဇုံတည်ဆောက်ရန်နှင့်ပတ်သတ်ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ သည်။

“သူတို့က နိုင်ငံတကာကို တင်ဒါခေါ်ဖို့ အတွက် မြေနေရာတွေကို လာကြည့်တယ်။ အဲဒီမှာ ဒေသခံ တွေကို ပြောတာ ကတော့ ဒီမှာစက်မှုဇုံ တစ်ခု လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ တခြားစက်မှုဇုံတွေလို မဟုတ်ဘူး ပွင့်လင်းမြင် သာမှု ရှိရမယ်။ ဒေသခံ ပြည်သူတွေနဲ့ ညှိပြီး လုပ်သွားမယ်လို့ ပြောတယ်။ စက်ရုံတခုလုံး အတွက် ၂ ဧကခန့် အပင်တွေခုတ်လိုက်ရင် ပြန်ပြီး ၄ ဧက ဖြစ်အောင် စိုက်မယ်ဆိုတဲ့စီမံကိန်းတွေ ပါတယ်လို့ ပြောတယ် ”ဟု အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းတို့နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကိုလှမျိုးကျော်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူများနှင့် မြို့မိမြို့ဘ ၂၀၀ ကျောက် တက် ရောက်ခဲ့သည်။

“ကျွန်တော်ကတော့ ဒေသခံတွေရဲ့ ကျန်းမာရေး၊ ပညာရေး အပါအဝင် လမ်းပမ်း ဆက်သွယ်ရေးတွေ တိုးတက် လာမယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင်လည်း ဒေသခံတွေကို ပွင့်ပွင့် လင်းလင်း ချပြဖို့ လိုတယ်။ ဒါမှ ဒီစက်ရုံကို ဆောက်သင့်၊ မဆောက်သင့် ဆိုတာကို ဆုံးဖြတ်နိုင်အောင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကိုပါ၀င်တဲ့ စောင့်ကြည့်ရေးအဖွဲ့ တစ်ခုကို ထားဖို့လိုတယ်လို့ ကျွန်တော်က ဒေသခံတွေ ကိုယ်စား ဆွေးနွေးခဲ့ပါတယ်။”

ဒေသခံများတင်ပြသည့် အချက်များကို အာဏာပိုင်များမှ သဘောတူ လက်ခံခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပြောဆို ခဲ့သည်ဟု ဆိုသည်။

ဒုဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သော အဖွဲ့သည် ဟိုတယ်ဆောက်လုပ်ရန် အတွက် ကျောက်ဖြူ ပင်လယ် ကမ်းခြေ အနီး နေရာ ၂ ခုကို သွားရောက် ကြည့်ရှု့ခဲ့သည်။ ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် အတွက် မဒေးကျွန်း တွင် ၁ နေရာနှင့် သစ်ပုတ်တောင်တွင် ၁ နေရာကို ရာတားခဲ့သည်ဟု  သိရသည်။

သို့သော်လည်း အဆိုပါ နေရာများမှာ အပြီးပိုင် သတ်မှတ်ခြင်း မဟုတ်ဘဲ တင်ဒါခေါ်သည့် အချိန်တွင် ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများ၏ သဘော နှစ်သက်မှုအပေါ် မူတည်ပြီး ရွှေးချယ် သတ်မှတ်သွားမည်ဟု ဆိုသည်။

ယခင် ဆောက်လုပ်နေသည့် ရွှေဂတ်စီမံကိန်း အစိတ်အပိုင်း တခုဖြစ်သည့် မဒေးကျွန်း ရေနက်ဆိပ်ကမ်း ကဲ့သို့  ဒေသခံများ အတွက် နစ်နာမှုများရှိမည်ဆိုလျှင်၊ အလားတူ နစ်နာမူများ ဖြစ်မည်ဆိုလျှင်  ဒေသခံများ လက်ခံနိုင်မည် မဟုတ်ကြောင်း ဒေသခံများက တင်ပြ  ပြောဆိုခဲ့ကြသည်ဟု သိရသည်။

ဒေသခံများ၏ လူနေမှု အဆင့်အတန်း မြင့်မာလားမည် ဆိုလျှင် စီမံကိန်းကို ကြိုဆိုနိုင်ကြောင်း ဒေသခံများက ဆွေးနွေးပွဲတွင် တခဲနက် တင်ပြခဲ့ကြသည်ဟု သိရသည်။

Most read this week