ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စက်မှုဇုန် စီမံကိန်း တည်ဆောက်ခြင်းသည် ရခိုင်ကမ်းရိုးတန်း ဒေသအား ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင့်ရေနံစောင့်ကြည့်ရေး အဖွဲ့ AOW က ပြောဆိုလိုက်သည်။
အမေရိကန်ဒေါ်လာ ၁ဝ၉ ဘီလီလျံ ကုန်ကျမည့် ၎င်းစီမံကိန်းအား တရုတ်နိုင်ငံမှ CITIC Group၊ ဂျပန်နိုင်ငံမှ Nippon Koei ကုမ္ပဏီများနှင့် မြန်မာနိုင်ငံမှ ထူးထရေးဒင်း ကုမ္ပဏီတို့ ပါဝင်မည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီး တည်ဆောက် ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ယင်းစီမံကိန်း အကောင်အထည် ပေါ်လာပါက ဒေသခံများ၏ နယ်မြေ သိမ်းဆည်းခံရခြင်း၊ သဘောဝ ပတ်ဝန်းကျင် အဆိပ်အတောက်ဖြစ်မှုနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း(၂) နှစ်ကြာ သုတေသန ပြုလုပ်၍ ‘အန္တရာယ်ဇုံ’ အမည်ရှိ အစီရင်ခံစာကို ဒီဇင်ဘာလ(၁၇) ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု AOW ၏ ဒါရိုက်တာ ကျော်ခိုင် က ပြောသည်။
“ကျောက်ဖြူမှာ တရုတ်က စီမံကိန်းဆွဲထားတဲ့ ပုံစံအတိုင်းဆိုရင် ဓါတုစက်ရုံတွေ တော်တော်များများ ဆောက်ဖို့ အစီအစဉ် ရှိတယ်။ ဒီဓါတုစက်ရုံတွေက လေထုညစ်ညမ်းမှုတွေ၊ သဘောဝ ပတ်ဝန်းကျင် ပျက်ဆီးမှုတွေကို အများကြီး ဖြစ်နေတဲ့အတွက် ကျနော်တို့က ဒေသခံတွေအတွက် ကြီးမားတဲ့ အန္တရာယ်တွေ ရှိတယ်ဆိုတာကို ထောက်ပြတာ ဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
တရုတ်-မြန်မာသွယ်တန်းထားသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စတင်ရာ အနီးတဝိုက်တွင် စင်္ကာပူနိုင်ငံ အရွယ်အစား ၁၂ဝ စတုရန်း ကီလိုမီတာ (ဧက ၃ သောင်း) ကျယ်ဝန်းသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းဖြင့် ရွာပေါင်း ၄ဝ ခန့် ပြောင်းရွှေ့ခံရမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
စီမံကိန်းကြောင့် ကမ်းရိုးတန်းရေလမ်း အနည်းဆုံး စတုရန်း ကီလိုမီတာ ရဝ ခန့် တိုက်ရိုက် ထိခိုက်မှု ရှိပြီး ဒေသခံများ ၏ အသက်မွေးဝမ်းကျောင်းမှ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းများ ပျက်သုဉ်းလာနိုင်ခြင်းနှင့် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်အတွင်း ပေါက်နေသော လမုတောကြီးများ ပျောက်ကွယ် သွားနိုင်ခြင်း စသည့် အန္တရာယ်များနှင့် ခြိမ်းခြောက်ခံရနိုင်သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလနှင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတို့တွင် တရုတ်နှင့် မြန်မာ ကျောက်ဖြူ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုံ တည်ဆောက်ရန် သဘောတူညီမှုအရ ရေနက် ဆိပ်ကမ်း တခု၊ ရထားလမ်း၊ လေယာဉ်ကွင်းနှင့် စက်မှုဇုံများပါဝင်မည့် အထူးစီးပွားရေးဇုံတခုကို တည်ဆောက်ရန် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
စီမံကိန်းတွင် ကျောက်ဖြူမြို့မှ အမ်း၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ လားရှိုးနှင့် မူဆယ်မြို့များကို ဖြတ်ပြီး တရုတ်နိုင်ငံ တောင်ဘက် ယူနန်ပြည်နယ် ရွှေလီမြို့အထိ ဆက်သွယ်မည့် မိုင် ၅ဝဝ ခန့် ရှည်လျားသော ရထားလမ်းတခု တည်ဆောက်ရန် ရထားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Raiways Engineering Corporation တို့ နားလည်မှု စာချွန်လွာကို ၂ဝ၁၁ ခုနှစ်၊ ဧပြီလက လက်မှတ်ရေးထိုးခဲ့သည်။ ထိုရထားလမ်းအတွက် ဒေါ်လာ ဘီလီလျံ ၂ဝ အကုန်ကျခံ၍ လာမည့် ၂ဝ၁၅ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်ပြီး နောင်နှစ် ပေါင်း ၅ဝ ကြာ တရုတ်နိုင်ငံက အသုံးပြုသွားမည် ဖြစ်ကြောင်း သဘောတူညီထားသည်။
rakhinpro1စီမံကိန်း အစီအစဉ် အကောင်အထည်မဖော်မီ CITIC ကုမ္ပဏီနှင့် မြန်မာ အစိုးရအနေဖြင့် စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များအား ပြည်သူလူထုနှင့် သက်ဆိုင်သည့် နိုင်ငံရေးပါတီများနှင့် ထိခိုက်ခံ လူ့အဖွဲ့ အစည်းများထံ သတင်းထုတ်ပြန်ပေးရန်နှင့် သဘောဝပတ်ဝန်း
ကျင်၊ လူအခွင့်အရေးနှင့် လူမှုဘဝ ကာကွယ် စောင့်ရှောက်မှုများ ပြုလုပ် ရန်တွင် နိုင်ငံတကာ စံချိန်စံညွှန် အတိုင်း လိုက်နာဆောင်ရွက်ပေးရန် AOW က တိုက်တွန်း တောင်းဆိုထားသည်။
၂ဝ၁၁ ခုနှစ်မှ စတင်၍ တရုတ် ကုမ္ပဏီများက နယ်မြေတိုင်းတာမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာအစိုးရ အနေဖြင့် တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
၂ဝဝ၆ ခုနှစ် ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့ကို သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ ရေနံပိုက် လိုင်း အစရှိသည့် စီမံကိန်းကြီးများ ရပ်ဆိုင်းရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကာကွယ်နိုင်ရေး၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ရေနံပိုက်လိုင်းများမှ မြန်မာတနိုင်ငံလုံး အကျိုးအမြတ်များ ခံစားခွင့် ရရှိစေရေးအတွက် စတင် ဖွဲ့စည်း ခဲ့သည်ဟု ဒါရိုက်တာကျော်ခိုင် က မဇ္စျိမကို ပြောဆိုသွားသည်။