ရခိုင် လူမှုကွန်ယက် ခရိုင် လေးခု ခွဲပြီး ဖွဲ့စည်း

ရခိုင် လူမှုကွန်ယက် ခရိုင် လေးခု ခွဲပြီး ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဒီဇင်္ဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ ကျင်းပခဲ့သော ရခိုင်လူမှုကွန်ယက် ညီလာခံမှ ရခိုင် လူမှုကွန်ယက်ကို ရခိုင်ပြည်နယ် ခရိုင် လေးခုကို အခြေခံပြီး ဖွဲ့စည်း လိုက်သည်ဟု သတင်းရရှိသည်။

ရခိုင် လူမှုကွန်ယက် ခရိုင် လေးခု ခွဲပြီး ဖွဲ့စည်း

“အဖွဲ့ထဲမှာ ၁၈ မြို့နယ်က ကိုယ်စားလှယ်တွေ ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပြင် ပလက်ဝကို ထည့် ထားပါတယ်။ ပလက်ဝက ကိုယ်စားလှယ် ၂ ဦး ရောက်ပါတယ်။ ၁၈ မြို့နယ်စလုံးက အဖွဲ့ဝင်ပါ။ အဲဒီ အဖွဲ့ဝင် ကနေပြီး မောင် တောခရိုင်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်ဆိုပြီး ခရိုင် ၄ ခုုသတ်မှတ်လိုက်ပါတယ် ” ဟု တောင်ကုတ်မြို့နယ် ရခိုင် လူမှုကွန်ယက် ဥက္ကဌ ကိုသန်းလွင်က နိရဥ္စရာသို့ ပြောသည်။

၎င်းအပြင် သူက “ဥက္ကဌ ၊ အတွင်းရေးမှူး ဆိုပြီးတော့ မဖွဲ့ပါ။  ကျွန်တော်တို့ လိုအပ်လာရင် ခရိုင်လေးခု ခေါင်းဆောင် ၄ ဦး တိုင်ပင်ပြီးတော့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ညီလာခံတွင်  ရွေးချယ်တင်မြှောက်လိုက်သော ခရိုင်ခေါင်းဆောင်များမှာ သံတွဲခရိုင်မှ ဦးစိုးဝင်း၊ ကျောက်ဖြူခရိုင်မှ သိန်းထွန်းအေး၊ စစ်တွေခရိုင်မှ ဦးကျော်ဇောဦးနှင့် မောင်တောခရိုင်မှ ကိုအောင်မျိုးထွန်းတို့ ဖြစ်သည်။

“ကျွန်တော်တို့က ပြည်သူတွေ အတွက် လုပ်ဆောင်ချက်တွေ ကောင်းမွန်ရင် ထောက်ခံမယ်။ အစိုးရက လုပ်ဆောင်တာကို ပြည်သူတွေက မကျေနပ်ဘူးဆိုရင်လည်း အစိုးရကို ကျွန်တော်တို့ ရခိုင်လူမှု ကွန်ယက်မှာ ပါ၀င်တဲ့ ၁၈ မြို့နယ်က တညီ တညွတ်တည်း ကန့်ကွက်သွားဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်။ လောလောဆယ် ပြင်ဆင်နေတုန်းဖြစ်ပါတယ်”  ဟု ကိုသန်းလွှင် က ပြောသည်။

ယာယီ ဖွဲ့စည်းလိုက်သော ရခိုင်လူမှုကွန်ယက် အဖွဲ့အစည်းမှ ထုတ်ပြန်ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။  ကြေငြာချက် ထဲတွင် ပါ၀င်သည့် အဓိက အချက်များကိုလည်း ကိုသန်းလွင်က ယခုကဲ့သို့ ပြောသည်။

“အဓိက တောင်းဆိုတဲ့အချက်ကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြသံဃာတော်များကို အကြမ်းဖက် နှိမ်နှင်းမှုကို အမြန်ဆုံး ရပ်တန့်ပေးရန်၊  မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်ပေးရန်၊ နယ်မြေလု ခိုးဝင်ကျူးကျော်လာသူတွေနဲ့ ဒေသခံတွေအကြား ဖြစ်ပွားခဲ့ရတဲ့ အရေး အခင်း အပြီး  ခိုးဝင်လာတဲ့ သူတွေကို ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို ဆန့်ကျင်ပြီးတော့ ပြန်လည် နေရာ ချထားတာဟာ တတိယ အကြိမ် ဖြစ်ဿနာကို ဖြစ်ပေါ်စေမည့် အခြေအနေ ရှိနေသဖြင့် ပြန်လည် စဉ်းစားပေးရန်၊ ရခိုင်ပြည်နယ် အတွင်း ၀င်ရောက်နေတဲ့ INGO, NGO အဖွဲ့များက ဒေသခံ တိုင်းရင်းသားတွေ အတွက် ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြင်း ရှိမရှိ စောင့်ကြည့် လေ့လာရာတွင် ဤကွန်ယက်မှ ပူးပေါင်း ဆောင်ရွက် သွားရန်၊ ရခိုင် ဒေသက ထွက်ရှိတဲ့ သယံဇာတ တွေကို ထုတ်ယူ သုံးစွဲရာတွင် ပြည်သူလူထုအား ပွင့်လင်း မြင်သာအောင် ထုတ်ပြန်ပေးရန်၊ ဒေသခံ ပြည်သူ လူထု အတွက် မျှဝေ သုံးစွဲရာတွင် မျှတမှု ရှိမရှိ ကွန်ယက်မှ ပြည်သူလူထုတွေနဲ့ ပူးပေါင်းဆောင် ရွက်သွား ရန်တို့ကို  တောင်းဆို ထားပါတယ်။”

ရခိုင်လူမှု ကွန်ယက်အဖွဲ့အစည်းအနေဖြင့် အစိုးရထံ တရားဝင် လျှောက်လွာတင်မည့်အခြေအနေကို လောလောဆယ် အစီအစဉ် မပြုလုပ်ရသေးဟု သူက ပြောသည်။

“မှတ်ပုံတင်မည့်ကိစ္စကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့က ယာယီအနေနဲ့ သုံးလလောက် အချိန်ယူသွားမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မှာကတော့ ဖြည်းဖြည်းလုပ်ယူသွားမှာပါ။”

ရခိုင် လူမှုကွန်ယက် ညီလာခံကို တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာ စေတျာရာမ ကျောင်းတိုက် ဓမ္မဗိမာန် တွင် ဒီဇင်္ဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ညီလာခံကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ လူမှုကွန်ယက်အဖွဲ့ ကိုယ်စားလှယ်များ အပါအဝင် ရန်ကုန်မှ ဖိတ်ကြားထားသည့် လူမှုကွန်ယက် အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ NLD တောင်ကုတ်မြို့နယ်မှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ခန့် တက်ရောက်ခဲ့သည်။

Most read this week