စစ်တွေတွင် အိန္ဒိယ ကောင်စစ်ဝန်ရုံး ဖွင့်မည်

စစ်တွေတွင် အိန္ဒိယ ကောင်စစ်ဝန်ရုံး ဖွင့်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိန္ဒိယ ကောင်စစ်ဝန်ရုံး တစ်ခုကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း AFP သတင်းအရ သိရသည်။

စစ်တွေတွင် ရှိသော ဘင်္ဂလာဒေချ့် ကောင်စစ်ဝန်ရုံး (ဓါတ်ပုံ- နိရဥ္စရာ)

အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီး Salman Khurshid ၏ သောကြာနေ့ က စတင် ပြုလုပ်သော မြန်မာနိုင်ငံ ခရီးစဉ် အတွင်းတွင် စစ်တွေ၌ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်မည့် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ခုလို အိန္ဒိယ ကောင်စစ်ဝန်ရုံး စစ်တွေမှာ လာဖွင့်ရင်တော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဒေသအတွင်းနဲ့ တိုက်ရိုက် ဆက်ဆံလို့ ရသွားတာပေါ့။ အဓိကတော့ အိန္ဒိယက ကုလားမြစ် ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖေါ်နေတော့ ဒီလို ကောင်စစ်ဝန်ရုံး ဖွင့်မယ့် အပေါ်မှာ အကောင်းဘက်က မြင်မိပါတယ်” ဟု စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

၎င်းပြင် အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးသည် ရခိုင်ပြည်နယ် အတွင်း ဇွန်လနှင့် အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ဒုက္ခရောက်နေသူများ အ တွက် အမေရိကန် ဒေါ်လာ တစ်သန်း လှူဒါန်းမည်ဟု ထုတ်ဖေါ် ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံသည် ကုလားတန် မြစ်ကြောင်း စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြုပ်နှံ ထားပြီး စီမံကိန်းကို လာမည့် ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင် လည်ပတ်ရန် စီစဉ်ထားသည်ဟု သိရသည်။

စစ်တွေမြို့တွင် ဆောက်လုပ်နေသော ရေနက်ဆိပ်ကမ်းကိုလည်း ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ပြီး ပင်လယ်ကူး သင်္ဘောများဖြင့် သယ်ယူလာသော  ကုန်ပစ္စည်းများကို စစ်တွေဆိပ်ကမ်းမှ တဆင့်  ကုလားတန်မြစ်ကြောင်း အတိုင်း ကုန်တင် သင်္ဘောငယ်များ အသုံးပြုကာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်များသို့ တင်ပို့မည် ဖြစ်သည်။

အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးသည် သူ့၏ ခရီးစဉ် အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြားရေး ၀န်ကြီး ဦဝဏ္ဍမောင်လွှင်တို့နှင့်လည်း တွေ့ဆုံသည်ဟု သိရသည်။

အိန္ဒိယ ကောင်စစ်ဝန်ရုံးသည် ဘင်္ဂလာဒေချ့် ကောင်စစ်ဝန်ရုံ ပြီးလျှင် စစ်တွေတွင် ဒုတိယမြောက် ဖွင့်လှစ်မည့် နိုင်ငံခြား ကောင်စစ်ဝန်ရုံး ဖြစ်သည်။ သို့သော်လည်း အိန္ဒိယ ကောင်စစ်ဝန်ရုံး စစ်တွေတွင် ဖွင့်လှစ်မည့် အချိန်ကို သတင်းတွင် တစုံတရာ ရေးသား ဖေါ်ပြထားခြင်း မရှိပေ။

Most read this week