ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ကျောင်းသားတပ်မတော် (ABSDF) မြောက်ပိုင်းတို့ တပ်စွဲထားသည့် လဂျားယန်ဒေသ တဝိုက်အား ဒေါ့ဖုန်းယန်း ဟမ်းကိုင် အခြေစိုက် အစိုးရ လက်နက်ကြီးတပ်မှ တာဝေးပစ် ဟော်ဝဇ်ဟာ (၁၀၅) မမ နှင့် ၁၂၀ မမ စိန်ပြောင်းများဖြင့် တနင်္ဂနွေ ညနေပိုင်းအထိ ပစ်ခတ်လျက်ရှိကြောင်း ABSDF မြောက်ပိုင်း အလုပ်အဖွဲ့ ခေါင်းဆောင် ဦးလဆိုင်းက ပြောသည်။
“အခု ထက်ထိ လက်နက်ကြီးနဲ့ လှမ်းထုနေတုန်းပါပဲ။ ကျနော်တို့နဲ့ မဟာမိတ် KIO/ KIA တွေ ခံစစ် တပ်စွဲထားတဲ့နေရာ လဂျားယန်ဒေသ တဝိုက်ပေါ့” ဟု မဇ္စျိမကို ပြောသည်။
သောကြာနေ့မှစ၍ ၎င်းဒေသ၌ အစိုးရတပ်နှင့် KIO တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ သုံ့ပန်း ရ ဦးအား ဖမ်းဆီး ရမိခဲ့ကာ အသေရမိခဲ့သည့် အစိုးရတပ်မှ အလောင်းများ ကိုလည်း သင်္ဂြိုလ်ပေးခဲ့ကြောင်း ဦးလဆိုင်းက ဆက်ပြောသည်။
“၁၄ ရက်နေ့ ကဆို မနက် ၆ နာရီ ခွဲကနေ ညနေ ၆ နာရီခွဲလောက်အထိ တိုက်ပွဲ ဖြစ်နေတာပေါ့၊ တောက်လျှောက်။ အဲဒီမှာ ဒဏ်ရာရ သုံ့ပန်း ရ ယောက် ကျနော်တို့ ဖမ်းဆီးရမိခဲ့တယ်။ ခမရ (၃၈၃) က ချည်းပဲ။ တပ်ကြပ် ဒု-တပ်ကြပ်တွေ။ တိုက်ပွဲပြီး ရှင်းလင်းရေး လုပ်တော့ အစိုးရတပ်ရဲ့ အလောင်း ၁၇ လောင်းကိုလည်း ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေး လိုက်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
KIO ဘက်မှ သုံးဦး ကျဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း KIO စစ်ရုံးချုပ်မှ အတည်ပြုပြော ဆိုခြင်း မရှိပေ။
လဂျားယန် ဒေသတဝိုက်တွင် KIO နှင့် ABSDF တပ်ဖွဲ့များနှင့် မိုးကောင်း အခြေစိုက် အစိုးရ စကခ (၃) လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြသည့် ခမရ (၃၈၃)၊ (၃၈၄) နှင့် (၃၈၉)မှ အင်အားများနှင့် ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဓိကအားဖြင့် ခမရ (၃၈၃) နှင့်သာ အများဆုံး ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သုံ့ပန်းများ၏ ထွက်ဆိုချက်အရ ခမရ (၃၈၃) ၌ အင်အား ၃၀၀ ကျော် ရှိသည်ဟုလည်း ဦးလဆိုင်း က ဆက်ပြောသည်။
“ကျနော်တို့ သုံ့ပန်းတွေကို မေးကြည့်တော့ သူတို့အပြောအရတော့ အင်အား ၃၀၀ ကျော် ဝန်းကျင်၊ ၄၀၀ နီးပါး တက်လာတယ်လို့ ပြောတယ်။ အသေးစိတ်အထိတော့ သူတို့ မသိပေမယ့် အဲသလောက် အင်အားနဲ့ တက်လာတယ်လို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။
ထို့ပြင် ပန်ဝါဒေသဘက်ရှိ မှတ်တိုင် (၅)၊ (၆) ဒေသ၊ ဗန်းမော်၊ နမ့်ခမ်းကားလမ်းတလျှောက်နှင့် ဝိုင်းမော် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်ဟုလည်း ဦးလဆိုင်းက ဆိုသည်။
KIO တပ်နှင့် အစိုးရ တပ်တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း KIO ဒု-နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိန်းလန်ထောင် က ပြောသည်။
“တိုက်ပွဲတွေက တပ်မဟာ (၁)၊ တပ်မဟာ (၄) နေရာတွေမှာ (ပန်းဝါ ပူတာအိုဒေသနှင့် ပလောင် ဒေသရှိ နမ့်ခမ်း ကွတ်ခိုင်) နဲ့ အခြားနေရာတွေမှာလည်း နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ရပ်တယ်ဆိုတာ တနေရာမှာ ရပ်ပြီး အခြားနေရာတွေမှာ တိုက်ပွဲတွေက ဖြစ်နေဆဲပါ” ဟု မဇ္စျိမကို ပြောသည်။
ထို့ပြင် KIA စစ်ရုံးချုပ်မှ အရာရှိ တဦးကလည်း “တိုက်ပွဲတွေ ရပ်တယ်ဆိုတဲ့ ဥစ္စာက နာရီပိုင်း လေးပဲ ရပ်မှာပါ။ ဒီမနက်လည်း ရှိတယ်လေ၊ ခပ်စောစော လေးပဲ ဖြစ်သွားတယ်၊ ခုနှစ်နာရီ ရှစ်နာရီ လောက်ကပေါ့၊ အစိုးရ ဘက်ကသာ တိုက်ပွဲတွေ ရပ်နေတယ်လို့ ပြောတာ တပ်မတော်က ပြောတာမှ မဟုတ်တာ။ တပ်မတော်က တိုက်နေတုန်းပါ” ဟု ဆိုသည်။
KIO နှင့် တိုက်ခိုက်နေသည့် ပြည်တွင်းစစ်ပွဲအတွင်း အစိုးရ တပ်မတော်ဘက်မှ ရုရှားထုတ် MI 24 စစ်သုံး ရဟတ်ယာဉ်များ အသုံးပြုကာ လေကြောင်းပစ်ကူ ပေးခဲ့ပြီး ဆွီဒင် နိုင်ငံထုတ် M3 Carl Gustaf တင့်ကားဖျက် ရိုင်ဖယ်နှင့် ရုရှားနိုင်ငံထုတ် ဒုံးကျည် အချို့ကိုလည်း အသုံးပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကချင် ပြည်နယ်အတွင်း အစိုးရ တပ်ဘက်မှ ထိုးစစ် ဆင်ခြင်း ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေး ဦးစီးချုပ် (ထိုစဉ်က) ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ညွန်ကြားပြီးနောက် ယနေ့ထိ တိုက်ပွဲပေါင်း အနည်းဆုံး ၁၃၆၀ ဖြစ်ပွားခဲ့သည်ဟု KIO ဘက်မှ ဆိုသည်။ ယခု ဒီဇင်ဘာလ အတွင်းမှာပင် တိုက်ပွဲပေါင်း အနည်းဆုံး ရ၄ ကြိမ် ဖြစ်ပွားခဲ့သည်။
ထိုသို့ နှစ်ဖက်အကြား တိုက်ခိုက်မှုများ မြင့်မားနေလျက် ရှိသော်လည်း လာမည့်နှစ် ဇန်နဝါရီလတွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က မဇ္စျိမအား သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။