ရခိုင် လူမှုကွန်ယက် ညီလာခံ တောင်ကုတ်တွင် ကျင်းပ

ရခိုင် လူမှုကွန်ယက် ညီလာခံ တောင်ကုတ်တွင် ကျင်းပ
by -
နိရဥ္စရာ

ရခိုင် လူမှုကွန်ယက်၏  ညီလာခံကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဒီဇင််ဘာလ ၁၅ ရက်နေ့က စတင် ကျင်းပသည်။

Taungup

(၂) ရက်တာ ကြာမြှင့်မည့် ညီလာခံအား ရခိုင် လူမူ ကွန်ယက် ရခိုင်ပြည်နယ်် (၁၈) မြို့နယ် ညီလာခံဟု အမည်ပေးထားပြီး တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာ စေတျာရာမ ကျောင်းတိုက် ဓမ္မဗိမာန်တွင် ကျင်းပ ပြုလုပ်နေခြင်း ဖြစ်သည်။

ညီလာခံ ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့ လူမှုကွန်ယက် ဥက္ကဌ ကိုသန်းလွင်က နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်သူ/သားတွေအတွက် လုပ်ဆောင်ဖို့ နေရာမှာ ရခိုင်ပြည်နယ် ၁၈ မြို့နယ်စလုံးက တညီတည်း၊ တသံတည်း အတူလက်တွဲပြီးတော့ ဘာမဆို တမြို့နယ်တည်းမဟုတ်ဘဲ ရခိုင်ပြည်နယ် ၁၈ မြို့နယ်စလုံး ပူးပေါင်းလုပ် ဆောင်သွားဖို့ ရည်ရွယ်ချက်နဲ့ ညီလာခံ ကျင်းပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခု ကျင်းပသည့် ညီလာခံမှ ရခိုင်ပြည်နယ် ၁၈ မြို့နယ်စလုံး ပူးပေါင်းပါ၀င်သည့် ရခိုင်ပြည်နယ် လူမှုကွန်ယက် အဖွဲ့ အ စည်း တစ်ခုကို ဖွဲ့စည်း သွားမည်ဟုလည်း ကိုသန်းလွင်က ပြောသည်။

“ကျွန်တော်တို့ ဒီညီလာခံက ရခိုင်ပြည်နယ်တခုလုံး ပူးပေါင်းပါ၀င်တဲ့ ရခိုင်လူမှု ကွန်ယက် အဖွဲ့အစည်း တစ်ခုကို ဖွဲ့သွားမယ်။ တစ်ခုတည်းသော အလံတော် အောက်မှာ စုစည်းပြီး လုပ်ဆောင်နိုင်ရန် အတွက် နိုင်ငံတော် အစိုးရထံ တရားဝင် တင်ပြပြီး ခွင့်ပြုချက် တောင်းခံသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယနေ့ ကျင်းပသည့် ပထမနေ့ ညီလာခံအခြေအနေနှင့် ပတ်သက်ပြီး ညီလာခံ တက်ရောက်နေသူ ကိုအောင်စိုးသန်းက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ပထမနေ့ ညီလာခံမှာတော့  ၈၈ ကျောင်းသားတွေ ပေးပို့တဲ့ သဝဏ်လွှာ၊ NLD မှ ပေးပို့သော သဝဏ်လွှာ၊ ALP က ပေးပို့တဲ့ သဝဏ် လွှာ၊ စစ်တွေ လူမှုကွန်ယက်မှ ပေးပို့သော သဝဏ်လွှာတွေကို ဖတ်ပြပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ ဘယ်မြို့နယ်မှာ ဘယ်လိုကိစ္စ ပေါ်ပေါ်၊ တမြို့နယ်တည်း မလုပ်ဘဲ ၁၈ မြို့နယ်စလုံးက စဉ်းစား ဆုံးဖြတ်ပြီးတော့ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားနိုင်ဖို့ အဓိက ဆွေးနွေးကြပါတယ်” ဟုဆိုသည်။

ပထမနေ့ ညီလာခံတွင် ရခိုင် တပြည်နယ်လုံး လူမှုကွန်ယက် ဖွဲ့စည်းရန် ဆုံးဖြတ် ချက်တခုကို အဓိက သဘောတူ  ချမှတ်နိုင်ခဲ့သည်ဟု တောင်ကုတ်မြို့ လူမှုကွန်ယက်အဖွဲ့ ဥက္ကဌ ကိုသန်းလွင်က ဆက်ပြော သည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေရဲ့ ကြံုတွေ့နေရတဲ့ အခြေအနေတွေကိုပြဿနာ တွေကို မြို့နယ် အလိုက် တင်ပြဆွေးနွေးကြပါတယ်။ အဲဒီ ဆွေးနွေးချက်တွေအပေါ်မှာ မူတည်ပြီးတော့ ၁၈ မြို့နယ်လုံး ပါ၀င်တဲ့ ရခိုင်လူမှု ကွန်ယက်အဖွဲ့ ဖွဲ့ပြီးတော့ တရားဝင် မှတ်ပုံတင်သွားဖို့ ဆုံးဖြတ်ချက်တခု ချမှတ်နိုင်ခဲ့ပါတယ်။”

ယနေ့ကျင်းပသည့် ညီလာခံကို ၁၈ မြို့နယ်ရှိ ၁၆ မြို့နယ်မှ လူမှုကွန်ယက်အဖွဲ့ကိုယ်စားလှယ်များ၊ ရန်ကုန်မှ ဖိတ်ကြားထား သည့် လူမှုကွန်ယက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ NLD တောင်ကုတ်မြို့နယ်မှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ယနေ့ ကျင်းပမည့် ညီလာခံတွင် ရခိုင်ပြည်နယ် ၁၈ မြို့နယ်စလုံးမှ ကိုယ်စားလှယ်များ ကိုယ်စားပြု ပါ၀င်သော   ရခိုင် ပြည်နယ်လုံး ဆိုင်ရာ  ရခိုင်လူမှုကွန်ယက် အဖွဲ့အစည်းကို ဖွဲ့စည်းမည်ဟု သိရသည်။

Most read this week