၃၈-နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မောင်တောတွင် ကျင်းပ

၃၈-နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မောင်တောတွင် ကျင်းပ
by -
နိရဥ္စရာ

ယနေ့ ဒီဇင်္ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၃၈နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မောင်တော မြို့နယ် များတွင် ကျင်းပခဲ့ကြသည်။

Toungup

စစ်တွေတွင် ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်နယ် အစိုးရမှ တာဝန်ယူပြီး ဘုရားကြီးကွင်းတွင် ကျင်းပခဲ့သည်ဟု သိရသည်။

ပြည်နယ်ဝန်းကြီးချုပ် ဦးလှမောင်တင် တက်ရောက်ပြီး မိန်းခွန်းပြောကြားသွားခဲ့သည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ဒီနှစ်ရခိုင်ပြည်နယ်နေ့ဟာ (၃၈ ) ကြိမ်မြောက်ဖြစ်ပါကြောင်း၊ အရင်က ရခိုင်လူမျိုးများဟာ ကိုယ်ထီးကိုယ်ံနန်း ကိုယ်ကြဌာန်းနဲ့ နေထိုင် လာကြသူတွေ ဖြစ်ကြောင်း၊ ယခုအခါ ရခိုင် လူမျိုးများ အနေဖြင့်  စည်းကမ်းများစွာ ရှိရမည်ဖြစ်ကြောင်း၊ အရင်က ရခိုင်ပြည်နယ်နေ့ ဆိုရင် ရိုးရာ ကျင်ပွဲများ၊ လွန်ဆွဲပွဲများစသည့် ပြိုင်ပွဲများ အပြင် ရခိုင်ရိုးရာပွဲများစွာ ပါ၀င်ကြောင်း၊ ယခု အချိန်သည် ရခိုင်ပြည်နယ်အတွက် လွန်စွာ အရေးကြီးသည့် အချိန်ရောက်နေကြောင်း၊  မလိုုလားအပ်သည့် ပြဿနာများ မဖြစ်ရအောင် မိမိကိုယ်တိုင် ဦးစီးပြီး ကျင်းပ ပြုလုပ် ရခြင်းဖြစ်ကြောင်း” ပြောကြားသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့တွင်လည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်ဟု ကျောက်ဖြူမြို့နယ် ပြန်လည် ထူထောင်ရေး အတွင်းရေးမှူး ကိုလှမျိုးက နိရဥ္စရာသို့ ယခုလို ပြောသည်။

Narinjara151

“ရခိုင်ပြည်နယ်နေ့မှာ မနက် ရနာရီကနေ ၁၀နာရီအထိ ရခိုင်အလံငယ် ၄၀၀၀ကို မော်တော် ဆိုင်ကယ်နဲ့ မြို့ကို ပတ်ပြီးတော့ ဖြန့်ဝေကြတယ်။ ညနေ ၄နာရီမှာတော့ လူပေါင်း ၄၀၀၀ ကျော်ကို မုန့်တီ စတုဒီသာ ကျွေးမွေးပါ တယ်။ စည်တော့စည်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တခြား နှစ်တွေနဲ့ ပုံစံတော့ မတူဘူး။ ဒီနှစ်မှာပွဲတွေအ အကြီးအကျယ်မပါဘူး။ တခြားနှစ်တွေကလို ညပိုင်းမှာပြုလုပ်တဲ့ စတိတ်ရှိုး၊ ရထားပွဲနဲ့တခြားပွဲမျိုးစုံတွေ မပါဘူး။ အရေးပေါ် ထုတ်ထားတဲ့ ပုဒ်မတွေ မရုတ်သိမ်းတဲ့ အတွက် ဖြစ်ပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်နေ့ကို မြို့ပေါ်လူငယ်များက ဦးဆောင်ခဲ့ပြီး ကျောက်ဖြူမြို့ နာရီစင်ကွင်း၌ ကျင်းပခဲ့ပြီး အစိုးရပိုင်းမှ ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမတွင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ခရိုင်အုပ်ချုပ်ရေးမှူးက ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့တွင်လည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရခိုင်လူမှု ကွန်ယက်အဖွဲ့မှ ပြုလုပ်ခဲ့သည်။ အခမ်းအနား ကျင်းပ ပြုလုပ်ပုံကို ရခိုင်လူမူ ကွန်ယက် အဖွဲ့ ဥက္ကဌ ကိုသန်းလွင်က နိရဥ္စရာသို့ ယခုလို ပြောသည်။

“ဒီနေ့မနက်စောစောက ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျောက်တိုင်ကွင်းမှာ ဟောပြောပွဲ တချို့ပြုလုပ်ပြီး  ကျင်းပခဲ့ပါတယ်” ဟု ဆိုသည်။

ရခိုင် လူမူ ကွန်ယက် အဖွဲ့သည် တောင်ကုတ်မြို့ ကိုင်းရှည် ရပ်ကွက် ရွှေစေတီ ရာမ ကျောင်းတိုက်တွင် မြို့နယ် ၁၈မြို့နယ်က ကိုယ်စားလှယ်များဖြင့် ညီလာခံ ကျင်းပနေစဉ် ယနေ့တွင် ကျရောက်သော ရခိုင်ပြည်နယ်နေ့ကို အကျဉ်းချံုး  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် မောင်တောမြို့မှ မိုင် ၃၀ခန့်ကွာဝေးသော နံသာတောင်ကျေးရွာတွင် ရခိုင်ပြည်နယ်နေ့ကို ပထမဆုံး အဖြစ် ကျင်းပခဲ့သည်။ ရခိုင်ပြည်နယ်နေ့ ကျင်းပရသည့် အကြောင်းကို  နံသာတောင် ကျောင်းထိုင်ဆရာတော်က နိရဥ္စရာသို့ ယခုလို ပြောသည်။

“ဦးဇင်းတို့ ဒီနှစ် ရခိုင်ပြည်နယ်နေ့ကို နံသာတောင်မှာ ပထမဆုံးကျင်းပကြတာဖြစ်ပါတယ်။ မြို့ပေါ်နဲ့ ဝေးလွန် ခေါင်းပါးတဲ့ နေရာဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ်နေ့ကို ရခိုင်သားတွေ သိအောင်အတွက် အဓိက ဦးတည်ပြီး ကျင်းပ  ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီပွဲကိုရောက်လာတဲ့ ပရိတ်သတ်တွေကို ရခိုင်း သမိုင်းကို ဟောပြောခဲ့ပါ တယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီဒေသမှာက လူမျိုးခြား ၉၅ ရာခိုင်နှုန်းမှာ ရခိုင်က ၅ ရာခိုင်နှုန်းခန့်ရှိ တယ်ဆိုတော့ ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို မသိကြတဲ့လူတွေကို သိအောင်၊  သိထားတဲ့လူကိုပါ ပိုပြီး သိလာအောင် သမိုင်းကြောင်း ပြောကြားရတာ ဖြစ်ပါတယ်” ဟုပြော သည်။

နံသာတောင်တွင်  ပြုလုပ် သည့် ရခိုင်ပြည်နယ်နေ့တွင် ကျင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ကွမ်းသီးကောက်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲစသည့်  အားကစားပွဲ အများအပြား ထည့်သွင်းကာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟုသိရသည်။ ပြည်နယ် အခမ်းအနားသို့့ အနီးအနားမှ လူပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ သည်ဟု သိရသည်။

Most read this week