ကျောက်ဖြူ မဒေးကျွန်း CNPC စီမံကိန်းရုံးရှေ့ ဒေသခံ ၃၀၀ ခန့် ဆန္ဒပြမည်

ကျောက်ဖြူ မဒေးကျွန်း CNPC စီမံကိန်းရုံးရှေ့ ဒေသခံ ၃၀၀ ခန့် ဆန္ဒပြမည်
by -
နိရဥ္စရာ

သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများ ဆောင်ရွက်နေသော ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ China National Petroleum Corporation CNPC Project ရုံးရှေ့တွင် ဒေသခံ ပြည်သူ  ၃၀၀  ခန့်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

Gas-pipeline

၎င်းဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်သွားမည်ဟု ဆန္ဒ ဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးထွန်းကြည်က  ပြောသည်။

”ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုမိန့် သွားတင်ပါတယ်။ လူ ၃၀၀ တင်တာ။ ဘယ်လောက်ခွင့်ပြုမယ်လို့တော့ မပြောတတ်ဘူး”ဟု သူက ပြောသည်။

ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းမှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့်  ဒေသခံများ အနေဖြင့် ဆုံးရှံုး နစ်နာမှုများ ရှိနေသဖြင့် ရသင့် ရထိုက်သော ရပိုင်ခွင့်များ အတွက်  တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ မြန်မာ – တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ  အဖွဲ့ဝင် Kyaukphyu Social Network Group ကျောက်ဖြူ လူမူ ကွန်ယက်မှ ဦးထွန်းနိုင်က  နိရဥ္စရာသို့ ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် မဒေးကျွန်းအနီး ပိန်းကျွန်းရွာ ဘောလုံးကွင်းမှ CNPC စီမံကိန်းရုံးရှေ့ အထိ တစ်မိုင်ခွဲခန့် လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်ဟု ဦးထွန်းကြည်က ဆိုသည်။

ရခိုင်ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် ရခိုင်တွင် တာဝန်ကျခဲ့သော ဗိုလ်ချုပ်၊ ဗိုလ်မှူးများနှင့် ၎င်းတို့နှင့် နီးစပ်သူများက ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို မြေစာရင်း ဦးစီးဌာနနှင့် ပူးပေါင်းကာ သိမ်းယူသွား သဖြင့် ဒေသခံများမှာ အထူးနစ်နာခဲ့သည်ဟု သိရသည်။

ဧရာဝတီက ဒီဇင်္ဘာလက ၁၃ ရက် ဖေါ်ပြသော  သတင်း တစ်ပုဒ်တွင်  ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြ သော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စ် စီမံကိန်း ဧရိယာတွင် ပါ၀င်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ၍ ရရှိခဲ့ကြကြောင်း ဖေါ်ပြသည်။

ကျောက်ဖြူ အခြေစိုက် ထောက်လှမ်းရေးတပ်တခုက သိမ်းထားသည့် စေတီယျကျေးရွာအနီးရှိ မြေကွက်နှင့် အုန်းခြံတချို့၏ ပိုင်ရှင်နာမည်တွင် ရခိုင်ပြည်နယ်၏ စစ်တိုင်းမှူး တာဝန်  ထမ်းဆောင်ခဲ့သည့် ယခင်နအဖ အစိုးရ အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီး နန်းရတနာဝင်း နာမည်ဖြင့် အမည်ပေါက်နေ သည်ကို တွေ့ရှိရသည်ဟု ဖေါ်ပြသည်။

ရခိုင်ဒေသခံများမှာ ယခုကဲ့သို့ မတရားသဖြင့် လယ်မြေများ အသိမ်းခံရသဖြင့် အထူး နစ်နာမူ ရှိနေကြောင်းသိရသည်။

သို့သော်လည်း ဆန္ဒ ဖေါ်ထုုတ်ပွဲတွင် အောက်ပါ အချက်များကို တောင်းဆိုသွားမည်ဟု ဆိုသည်။

(၁) သိမ်းဆည်းလယ်ယာ/ဥယျာဉ်မြေများအား နိုင်ငံတကာစံနှုန်းအတိုင်း လျော်ကြေးပေးရန်၊

(၂) အလုပ်သမားကတ်ရရှိပြီးသူ ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊

(၃) မဒေးကျွန်းအနီး (ကတိပေးထားသော) ရွာမ၊ ကျောက်တန်း၊ ပိန်းကျေး ရွာချင်းဆက် လမ်း ဖောက်လုပ်ပေးရန်၊

(၄) လုပ်အားခကို နိုင်ငံတကာစံနှုန်းအတိုင်းပေးရန်၊

(၅) မဒေးကျွန်းတွင် လူနေအိမ်၊ အဆာက်အအုံများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊

(၆) ဒေသခံများ လုံခြံုမှုရှိစေရေးအတွက် သူစိမ်း အလုပ်သမားများအား သေချာစိစစ်ရန်၊

(၇) ကျွန်းပတ်လည်တွင် လွတ်လပ်စွာ ရေလုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးရန် တို့ကို တောင်းဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တောင်းဆိုမည့့် အချက်များမှာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ထံ တင်ထားသော ခွင့်ပြုမိန့် တောင်းခံလွှာတွင် ဖေါ်ပြပါရှိသည်ဟု သိရသည်။

Most read this week