ကယား(ကရင်နီ)ပြည်နယ်အတွင်း KNPP နဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအတွင်း အခွန်ငွေပေးဆောင်နေရမှုကို မလိုလားကြတဲ့အတွက် လူထုကိုယ်စားလှယ်တွေက KNPP လွိုင်ကော်ဆက်ဆံရေးရုံးသို့ လာရောက်တိုင်ကြားကြောင်း သိရှိရပါတယ်။
ဖရူဆိုမြို့နယ် မူဆိုကျေးရွာမှာ KNPP နာမည်ခံထားတဲ့လူတစုမှ နှစ်စဉ်ကြေးအခွန်ကောက်ခံနေမှုနဲ့ပါတ်သက် ပြီး ဒေသခံလူထုကိုယ်စားလှယ်နှစ်ဦးက ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လွိုင်ကော်ရှိ KNPP ဆက်ဆံရေးရုံးသို့ လာရောက်တင်ပြခဲ့ကြတာပါ။
မူဆိုကျေးရွာမှ တောင်သူဦးကြီးက “အဲဒီကိစ္စမျိုးခါကျတော့ ခံလာခဲ့ဖူးတာလည်းမနည်းဘူးပေါ့နော။ နှစ်ပေါင်းလေးဆယ် ငါးဆယ်လောက်ရှိပြီပေါ့နော။ ဆိုတော့အဲလိုမျိုးတနှစ်ပြီးတနှစ် အခွန်လာကောက်တော့ ဒီတနှစ်လည်းဘယ်လိုလဲ.. မကောက်တော့ဘူး .. မကောက်တော့ဘူးလို့ ကိုယ်ကထင်တယ်ပေါ့။ အခုကလည်း KNPP အဖွဲ့ဆိုလည်း ငြိမ်းချမ်းရေးယူ တဲ့အချိန်။ ဘယ်လိုပြောမလဲ လာပြီးပူးပေါင်းတဲ့အချိန် ဖြစ်တယ်ပေါ့နော။ သူတို့ကလည်း ဒီမိုကရေစီ လိုလားတယ်ပြောပြီးတော့မှ ပြည်သူလူထုအပေါ်မှာ အဲလိုမျိုးလုပ်တော့ ကျနော်တို့ ဟိုလူကြီးတွေကို သိစေချင်တယ်ပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၅ ရက်နေ့က KNPP အဖွဲ့ဟုပြောဆိုပြီး မူဆိုကျေးရွာသို့ရောက်ရှိလာတဲ့ ယူနီဖောင်းဝတ် လူတဖွဲ့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်းနှင့် ဘိန်းစိုက်ပျိုးသူ တောင်သူစာရင်းများကို စုဆောင်း ခိုင်းတယ်လို့ တောင်သူဦးကြီးက ပြောပါတယ်။
အခွန်ငွေကောက်ခံသည့်နှုန်းထားမှာ စက်ကြီးတစီးလျှင် တသိန်းကျပ်၊ ထော်လာဂျီနှင့် လယ်ယာတွင်အသုံးပြုသော စက်ခေါင်းများမှာ ငါးသောင်းကျပ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် အဲ့ဒီဒေသဘက်တွေမှာ ဘိန်းစိုက်ပျိုးမှုရှိနေသဖြင့် ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်စေဖို့ မှာကြားသွားတယ်လို့ သိရပါတယ်။
“ကျမတို့အနေနဲ့ကတော့ အဲဒီ နိုင်ငံတော်ကိုတောင်းဆိုထားတဲ့ အချက် ၂၀ ထဲမှာ အဲဒီ နံပါတ် ၁၉ ထဲမှာ အဲဒီဘိန်းကို နိုင်ငံတော်အစိုးရ ပြည်သူတွေနဲ့ပူးပေါင်းပြီးမှ တိုက်ဖျက်ရမယ်ဆိုတဲ့အချက် ထဲမှာပါ၀င်တယ်။ အဓိကအချက်ပေါ့နော သူတို့တောင်းဆိုတယ်။ နင်တို့ကိုဒဏ်ခတ်တဲ့အနေနဲ့ ဘိန်းခွန်ပေးရမယ်ဆိုပြီးတော့။ တိုက်ဖျက်ရမှာကိုတွေ့တယ်လေ၊ အဲဒီတောင်ယာကို သွားဖျက်ရင်ရတယ်မှလား ဒါပေမဲ့ သူတို့က ဒဏ်ခတ်တဲ့အနေနဲ့ဆိုပြီးတော့မှ အဲလိုမျိုးဘိန်းခွန်ကောက်တဲ့အတွက်ကြောင့် ကျမတို့အနေနဲ့က အားပေး အားမြောက်တယ်လို့မြင်တယ် ခံစားမိတယ်” လို့ ဘိန်းစိုက်ပျိုးမှုကိုမလိုလားတဲ့ မူဆိုဒေသခံ တဦးက ထောက်ပြသွားတာပါ။
အဆိုပါကိစ္စတွေနဲ့ပါတ်သက်ပြီး KNPP ဘက်မှ အမှတ် ၁ ခရိုင်မှူး ဆရာဦးဖိုးရယ်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တဲ့အခါ မှာတော့ အခုလိုရှင်းပြပါတယ်။
“ပေါ်လစီအရကတော့ ကယားပြည်နယ် ထဲမှာနေထိုင်တဲ့့လူတိုင်း အတွက် ဗဟိုကော်မတီက ဆုံးဖြတ်ချက်ရှိပြီး သားပါ။ အိမ်ထောင်စုတအိမ်ထောင်မှာ ဆန်၂ ပုံးနဲ့ ငွေ နှစ်ထောင်ကျပ်၊ မုဆိုးဖို မုဆိုးမ တွေက ဆန်တပုံးနဲ့ ငွေတရာ ဒါတွေကရှိတယ်။ လုံးလုံးမတတ်နိုင်တဲ့ တနေ့လုပ်တနေ့စားတွေခါကျတော့ ကျနော်တို့မတောင်း ပါဘူး။ ကျေးရွာဥက္ကဌတွေကို သူတို့ကိုချန်ထားခဲ့ခိုင်းပါတယ်” လို့ပြောပါတယ်။
ဘိန်းစိုက်ပျိုးနေမှုကိုမလိုလားတဲ့ ဒေသခံတွေက အခုလို ဘိန်းစိုက်ပျိုးနေသူတွေကို အခွန်တောင်းနေခြင်း အပေါ်မှာလည်း ဘိန်းစိုက်ပျိုးမှုများကို အားပေးအားမြောက်မှုပြုလုပ်ခြင်းဖြစ်ရာရောက်တယ်ဟုဆိုသည့် အမြင်ပေါ်မှာလည်း ဆရာဦးဖိုးရယ်က ဘိန်းစိုက်ပျိုးသည့်အချိန်က စတင်တားမြစ်ထားကြောင်း သို့သော် ဒေသခံများက လိုက်နာမှုမရှိ၍ ယခုလို ဒဏ်ငွေအဖြစ်တောင်းခံလိုက်ရခြင်းတယ်လို့ ပြောပါတယ်။
“အားပေးတာမျိုးတော့မဟုတ်ပါဘူး။ အသီးမသီးခင် မပွင့်ခင်မှာ လုပ်လို့မရဘူးနော။ မလုပ်ကြနဲ့လို့ သူတို့ကိုပြောပါတယ်။ သူတို့ကဆက်လုပ်တော့ အခု အပင်တွေအသီးသီးနေကုန်ပြီ။ အသီးကုန်တော့ သူတို့ဟာကိုဖျက်ရင်လည်း သူတို့ပဲ ထိခိုက်နစ်နာသွားမယ်လေ။ အဲဒါကြောင့် ဒဏ်ငွေပဲ တောင်းတာပါ။ ကျနော်တို့ဖက်ကတော့ ဘိန်းစိုက်ပျိုးခွင့်လုံးဝမပေးပါဘူး။ ဒါပေမဲ့ ဒီလိုစပ်ကူးမတ်ကူး ကာလမှာတော့ ဒီကိစ္စဟာ သိပ်ထိရောက်မှုမရှိသေးပါဘူး။ ဒါပေမဲ့ ရှေ့ဆက် အနာဂါတ်မှာ အဖွဲ့အစည်းပေါင်းစုံက ဘိန်း၊ ရာမတွေကို ဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာ အဖွဲ့အစည်းပေါင်းစုံက ရှေ့ဆက်ဘယ်လိုသွားမလဲဆိုတာ စုဝေးပါမယ်” လို့ ဆရာဖိုးရယ်ကပြောပါတယ်။