စာဆိုတော်နေ့နှင့် ပတ်သက်ပြီး ရခိုင်ကဗျာဆရာ စစ်တွေ ညိုသန်နဲ့ ဆက်သွယ်မေးမြန်းချက်

စာဆိုတော်နေ့နှင့် ပတ်သက်ပြီး ရခိုင်ကဗျာဆရာ စစ်တွေ ညိုသန်နဲ့ ဆက်သွယ်မေးမြန်းချက်
by -
နိရဥ္စရာ

ဒီနှစ် စာဆိုတော်လမှာ ရခိုင်ပြည်နယ် အနှံ့မှာ စာဆိုတော်ပွဲများ ဆင်နွှဲနေကြပါပြီ။ မြို့ပြ ဒေသတွေမှာ သာမက ကျေးလက်ဒေသတွေမှာလည်း စာဆိုတော်လမှာ စာပေ ဟောပြောပွဲတွေ ကျင်းပ ပြုလုပ်နေကြပါတယ်။

ဒီနှစ် စာဆိုတော်လမှာ ရခိုင်ပြည်နယ် အနှံ့မှာ စာဆိုတော်ပွဲများ ဆင်နွှဲနေကြပါပြီ။ မြို့ပြ ဒေသတွေမှာ သာမက ကျေးလက်ဒေသတွေမှာလည်း စာဆိုတော်လမှာ စာပေ ဟောပြောပွဲတွေ ကျင်းပ ပြုလုပ်နေကြပါတယ်။ ၁၉၇၃-၇၄ ခုနှစ် မန္တလေး တက္ကသိုလ်က ဘွဲ့ရပြီး ယနေ့ အချိန် စာပေဟောပြောပွဲ ၃၀၀ ကျော် ဟောပြောလာခဲ့တဲ့ ရခိုင်ပြည်နယ်က ကဗျာဆရာ၊ စာရေးဆရာ စစ်တွေ ညိုသန့်နဲ့ ရခိုင်က စာဆိုတော်နေ့ အကြောင်းတွေကို ကိုမောင်အေးက မေးမြန်းထားပါတယ်။

ဒီနှစ်စာပေ ဟောပြောပွဲမှာ ဆရာခရီးစဉ်တွေနဲ့ ပတ်သက်ပြီး သိပါရေစေ။

-       ကျွန်တော် ရခိုင််ပြည်နယ်နေ့မှာ သွားရောက် ဟောပြောမယ့်  ဂွ၊တောင်ကုတ်ဘက်ကို ကျန်းမာရေး အရ မသွားဖြစ်တော့ပါ။ အဲဒီ ဘက်ကို ဦးကျော်ထွန်းအောင်နဲ့ ရခိုင်သားကြီးစာပေ လှမြင့် သွားကြ ပါတယ်။ ကျွန်တော်က ၂၅ ရက်နေ့မှ စစ်တွေ မြို့နယ် ၀ါဘို၊ ၂၈ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်၊ ၂၉ ရက်နေ့ ပုဏ္ဏားကျွန်း အဲလို အစီအစဉ်တွေ ရှိပါတယ်။

ဒီနှစ်စာပေ ဟောပြောပွဲရာသီမှာ ဘာအကြောင်းအရာတွေကို အဓိကထားပြီး ဟောပြောဖို့ အစီအစဉ် ရှိပါသလဲ။

-       ကျွန်တော်ကတော့ ထုံးစံ အတိုင်း ရခိုင်စာပေ၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်သမိုင်းနဲ့ပတ်သတ်တဲ့ အကြောင်း အရာတွေ ပါတယ်။ မြန်မာစာ မြန်မာ့ယဉ်ကျေးမှုလည်း ပါပါတယ်။ ပြီးတော့ ကမ္ဘာ့ စာပေထဲက ကောင်းနိုးရာရာတွေကို ရခိုင်ပြည်သူတွေ ကြားသိရအောင် ဟောပြောတာတွေ လည်းရှိပါတယ်။

အခုလို စာပေဟောပြောပွဲတွေကနေ ရခိုင်လူ့အဖွဲ့အစည်း အတွက် ဘယ်လို အကျိုးကျေးဇူးများ ရရှိစေ နိုင်ပါသလဲ။

-       နှိုင်းဆလို့ ပြောပြလို့မရအောင်ထိ အကျိုးရှိပါတယ်။ စာပေဟောပြောပွဲက တဆင့်  ကိုယ့်သမိုင်း ကိုယ်သိလာတယ်။ မျိုးချစ်စိတ် ရင့်သန်လာတယ်။ ကမ္ဘာမှာ ဘာဖြစ်နေတယ် ဆိုတာ ကြားသိ လာတယ်။ စာပေဘက်မှာ စိတ်ဝင်စားမူ တိုးလာတယ်။ စာပေဖတ်ရှု့ခြင်းဖြင့် နားမျက်စိ ပွင့်လာပြီး ကျေးရွာတွေမှာ စာကြည့်တိုက်တွေ ဖွင့် လာကြတယ်။ လူငယ်တွေ စုရုံးလာကြတယ်။ အရေးအကြောင်း ကျလာရင် တပေါင်းတည်း တစ်စု တည်းဖြစ်လာတယ်။ ကာယစွမ်းအား ဉာဏ စွမ်းအားတွေ တိုးမြှင့်အောင် လုပ်ဆောင်လာကြတယ်။ ကာယစွမ်းအား ကြံ့ခိုင်ဖို့လိုသလို ညာဏ စွမ်းအားကြံ့ခိုင်ဖို့ လိုတာကို သဘောပေါက် နားလည်လာတယ်။ အမှားအမှန် ဝေဖန် ဆုံးဖြတ်ဖို့ အတွက် ဦးခေါင်းထဲမှာ အသိပညာမြင့်မားဖို့ စာပေ ဟောပြောပွဲနဲ့ စာကြည့်တိုက်တွေက အများကြီး အထောက်အကူပြုတယ်လို့ ထင်ပါတယ်။ ကျွန် တော်တို့ သွားတဲ့နေရာမှာ စာကြည့်တိုက် တည်ထောင်ကြဖို့အားပေးပါတယ်။ မြို့က စေတနာရှင်တွေရဲ့ ပံ့ပို့ ကူညီမှုတွေနဲ့ စာကြည့်တိုက်တွေ အများကြီး ပေါ်လာတာကို တွေ့ရပါတယ်။

စာပေယဉ်ကျေးမှုနဲ့ လူမျိုး ဘယ်လို ဆက်စပ် အရေးကြီးတယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်။

-       စာပေ ယဉ်ကျေးမှုဆိုတာ လူမျိုး တစ်မျိုးရဲ့ အသက်သွေးကြောပါ။ စာပေယဉ်ကျေးမှုမြင့်ရင် လူမျိုး တစ်မျိုးရဲ့ အဆင့် တန်းလည်းမြင့်ပါတယ်။ စာပေယဉ်ကျေးမှုနိမ့်ရင် ခေါင်းပါးရင်။ လူမျိုး တစ်မျိုးရဲ့ အဆင့်တန်း ယဉ်ကျေး မှုလည်းနိမ့် ကျမှာပါ။ ရေနဲ့ ကြာလို – ရေမြင့်လေ ကြာမြင့်လေပါ။ ကျွန်တော်တို့ရခိုင်တွေက ကျွန်တော် အမြဲတမ်း ပြောသလို “သမုဒယ တဏှာအတွင်းသိ အတုလ ဘဂဝါသနင်း ဘုရားရှင် သက်တော်ထင် ရှား ရှိကတည်းက” ထေရဝါဒ ဗုဒ္ဓဘာသာအဖြစ် ခံယူခွင့် ရခဲ့ပြီး ၃၈ ဖြာမင်္ဂလာနဲ့ ဟီရိ၊ သြတပ္ပဆိုတဲ့ လောကပါလ တရား ၂ ပါးနဲ့ ကျင့်ကြံ နေထိုင် လာတဲ့ လူတွေဖြစ်တဲ့ အတွက် ယဉ်ကျေးမှု အဆင့်အ တန်း မြင့်မားပြီး သားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဝေသာလီ ခေတ်ကတည်းက ဒင်္ဂါးတွေသုံးလို့ ခေတ် အဆက်ဆက် စာပေတွေ အစဉ်အလာ ထွန်းကား ခဲ့တာတွေဟာ သိပ်ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါတွေကို ပြန်ပြီး ဖော်ထုတ်ဖို့၊ မြှင့်တင်ဖို့၊ လမ်းသစ် ဖောက်ဖို့ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် စာပေယဉ်ကျေးမှုမြင့်လေ လူမျိုး အဆင့် အတန်းမြင့်လေလို့ ကျွန်တော် ယူဆပါတယ်။

ကျွန်တော်တို့ မှတ်မိသလောက်ဆိုရင် ရခိုင်ပြည်နယ်မှာ စာပေဟောပြောပွဲတွေ ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါတယ်။ ၂၀၁၁-ခုနှစ်ကမှ ပြန်ပြီးကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြတာတွေ တွေ့ရပါတယ်။ ဘာကြောင့်အခုလို ပျေက်ကွယ်လုနီးပါး ဖြစ်သွားရတာ ဘာကြောင့်ပါသလဲ။

-       ဒီလိုဖြစ်ရတာက သက်ဆိုင်ရာတွေက အားပေးမှု သိပ်နည်းပါတယ်။ အရင်ကဆိုရင် ကျွန်တော်တို့ စစ်တွေ အထက ၂ မှာ ဆရာမကြီး ဒေါ်တင်တင် လက်ထက်တုန်းက ဆိုရင် တနှစ်ကို ၃ ပွဲခန့် အမြဲ တမ်းရှိပါတယ်။ မြို့ပေါ်က ကျောင်းတိုင်းလိုလိုမှာ စာပေ ဟောပြော ပွဲတွေ ပြုလုပ်တယ်။ စစ်တွေက မြို့ပေါ် ရပ်ကွက်တွေမှာ လုပ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လုံးဝ သေးသိမ် မှေးမှိန် ပျောက်သွားပြီး အခုတခါ ပြန်ပြီးပေါ်လာတယ်။ လွန်ခဲ့တဲ့ နှစ်က ဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းတခွင်မှာ ကျွန်တော် တစ်ယောက်တည်း ၃၃ ပွဲ ဟော ပြောခဲ့ ရပါတယ်။ ကျွန်တော့်အတွေ့အကြံု နှစ်ပေါင်း ၃၀ ခန့်မှာ စံချိန်တင်ပါတယ်။ ကျွန်တော် ရ၃-၇၄ မန္တလေးတက္က သိုလ်က ဆင်းလာကတည်းက ပွဲပေါင်း ၃၀၀ ကျော်ပါပြီ။  လွန်ခဲ့တဲ့ နှစ်ကတော့ စံချိန်တင်ပါတယ်။ ၃၃ ပွဲဟောပြောရပါတယ်။

ရခိုင်စာပေတွေ တိုးတက်မြင့်မားလာဖို့အတွက် ဘာတွေလုပ်သင့်တယ်လို့ ဆရာ အမြင်လေး သိပါရစေ။

-       အဓိကတော့ လူငယ်တွေကို စာနဲ့ထိတွေ့ပေးဖို့လိုပါတယ်။ သူတို့လက်ထဲကို စာတွေရောက်ဖို့၊  ရွာ တွေမှာ စာကြည့်တိုက်ရှိဖို့ ဒါတွေက အဓိက ကျပါတယ်။ အခုက ဘေးထွက်တွေ သိပ်များနေပါတယ်။ ဥပမာ အားဖြင့် ဂိမ်းကစားတာတို့ ဘာတို့ပေါ့။ အဲဒီလို သွားပြီး အချိန်ဖြုန်းနေတာတွေကို စာပေဘက် ကို လှည့်ပေးဖို့လိုမယ်လို့ထင်ပါတယ်။ ရပ်ကွက်တိုင်း စာကြည့်တိုက်ရှိဖို့၊ လက်လှမ်းမီရာ စာပေတွေ ကို လတ်လတ်ဆတ်ဆတ် ဖတ်နိုင်အောင် ပံ့ပို့ပေးဖို့ လိုမယ်လို့ထင်ပါတယ်။

စာရေးဖို့ ၀ါသနာပါတဲ့ ရခိုင်လူငယ်တွေကို ဆရာအနေနဲ့ ဘာတွေ ပြောချင်ပါလည်း။

-       စာရေးချင်တဲ့လူကတော့ စာများများဖတ်ဖို့လိုပါတယ်။ ကဗျာ ၀ါသနာပါတဲ့လူက ကဗျာ များများ ဖတ် ဖို့လိုပါမယ်။ အဖတ် အရေးများလာတဲ့ အချိန်မှာ အလိုလို လမ်းစ မြင်လာ ပါလိမ့်မယ်။ အချိန်အခါမ ဆွဲဘဲ ရင်ထဲမှာ ဖြစ်လာတဲ့အခါ ချရေးလိုက်တာက အကောင်းဆုံးပါ။ မြက်ခင်းတစ်ခင်းမှာ လျှောက်ဖန်များ လာရင် ခြေသွားလမ်းကြောင်းလေး ထင်လာသလို ၀ါသနာ ဗီဇ ပါလာရင် ကြိုးစားဖို့ဘဲလိုတယ်။ စာရေးဆရာဆိုတာ သင်တန်း တက်ပြီးမှ ဘွဲ့ရပြီးမှ ဒီပလိုမာတက်ပြီးမှ ရေးတာ မဟုတ်ပါ။ ဒီလို စပြီး ရေးလာတာပါ။ စာရေးဆရာ ဖြစ်ဖို့အတွက် တက္ကသိုလ်ပညာတတ်ဖို့ ဘွဲ့ရဖို့ ပညာတတ်ဖို့နဲ့ သိပ် မဆိုင်ပါဘူး။ ပညာ မတတ်ဘဲ စာရေး ဆရာ အဖြစ် ပေါ်ထွက်လာတဲ့ လူတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ရင်ထဲမှာ စူး စူးချချ၊ လေးလေးနက်နက် ထူးထူးခြားခြား ခံစားလာရရင် အဲဒါကို စာရွက်ထက်မှာ တင်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ထပ်ခါထပ်ခါ တင်တဲ့အတွက် တဖြေးဖြေးချင်း မြင့်လာမယ်။ အမြဲတမ်း သွေးတဲ့ဓါး ထက်မြက် လာသလို ကလောင်သွား ထက်ပြီး စာရေးဆရာဖြစ်လာနိုင်ပါတယ်။ အဓိကတော့ များများဖတ်ဖို့ များများ ရေးဖို့ လိုပါတယ်။

ဆရာအနေနဲ့ စာပေဟောပြောပွဲတွေမှာ အမှတ်ရစရာလေးတွေရှိခဲ့ရင် တစ်ခုလောက်ပြောပေးပါ။

-       မှတ်မှတ်ရရတွေက အများကြီးပါ။ တချို့ပွဲတွေဆိုရင် ညဉ့် ၃ နာရီအထိ ဖြစ်သွားတယ်။ ပုဏ္ဏားကျွန်း ဟောပြောပွဲဆိုရင် ညဉ့် ၂ နာရီကျော်သွားတယ်။ ရသေ့တောင် လောင်းချောင်းမှာဆိုရင်လည်း နံနက် ၃ နာရီ ထိုးအောင်အထိ အမိုးအကာမရှိဘဲ နှင်းတောထဲမှာ လာရောက် နားထောင်ကြတယ်။ ကျွန်တော်တို့ ပင်ပင်ပန်းပန်းနဲ့သွားရပေမဲ့ ပရိသတ်တွေက လိုလိုလားလား နှစ်နှစ်သက်သက်ရှိ နေကြပါတယ်။ ပရိသတ်တွေကလည်း ၀မ်းနည်း ကြည်ကွဲစရာ ပါလာရင် ငိုလို့၊  ရယ်စရာတွေပါတဲ့ အခါ လည်း တသောသော တဟောဟောနဲ့ ရယ်လို့။  တချို့ဆိုရင် ဆရာ ပြန်ဖို့ ဒီရေ မမီ လိုက်တော့ဘူး။ မိုးတလင်း ဟောပါတော့ ဆိုပြီး အဲလို တောင်းဆိုကြပါတယ်။ ရုပ်မပါသော်လည်း ဇာတ်ကသလို ကျွန်တော်က ပရိသတ်တွေကို ခံစားချက် အတွေးအမြင်တွေ ပေးနိုင်တဲ့အတွက် သိပ်အားရမိပါတယ်။

Most read this week