ဂွမြို့နယ်မှ စစ်တပ်သိမ်း လယ်ဧက ၁၀၀၀ ကို ပြည်ထောင်စု လွှတ်တော်က စစ်ဆေး

ဂွမြို့နယ်မှ စစ်တပ်သိမ်း လယ်ဧက ၁၀၀၀ ကို ပြည်ထောင်စု လွှတ်တော်က စစ်ဆေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ဘက် အစွန်ဆုံး ဂွမြို့နယ်တွင် စစ်တပ်က သိမ်းထားသော လယ်မြေများကို ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် တစ်ခြားမြေများ စစ်ဆေးရေး ကော်မရှင်က ဒီဇင်္ဘာလ ၁၂ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်ဟု သိရသည်။

စစ်ဆေးမူနှင့် ပတ်သက်ပြီး လွှတ်တော် စစ်ဆေးရေး ကော်မရှင်တွင် ပါ၀င်သူ မြေပုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ယခုလို ပြောသည်။

“ဂွမှာကျတော့ ဒီကမ်းသာယာ ကမ်းခြေက လယ်ကဧက  ၃၀၇ ဒဿမ ရ၂ ဧကပေါ့။ အဲဒါကိို ခလရ ၅၅ က ကမ်းခြေနားမှာ ရှိတဲ့ အတွက် သိမ်းထားတာပေါ့လေ။ အခုအဲဒါတွေကို လယ်သမား တွေက ပြန်လိုချင်တယ်။ အခုအချိန်ထိ ဘာမှမလုပ်ဘဲ ဒီအတိုင်းထားတယ်။ လယ်မြေတွေဆိုရင် စစ်တပ်က သီးစား ချထားတယ်။ အုန်းခြံတွေ ကိုတော့ ကန်ထရိုက် စနစ်နဲ့ပေးထားတယ်။ ဘာမှ တပ်က အဆောက်အဦးတွေ ဆောက်တာလည်း မရှိဘူး။ သစ်ပင်တွေလည်း စိုက်တာလည်း မရှိဘူး။ လယ်သမားတွေက  ကျွန်တော်တို့ လွှတ်တော် လယ်ယာမြေ ကော်မရှင်ကို တိုင်ကြားတဲ့အတွက် ကျွန်တော်တို့က နှစ်ဦးနှစ်ဘက် လာရောက် စစ်ဆေးတားပါ” ဟု ဦးဖေသန်းက ပြောသည်။

သံတွဲ အခြေစိုက် ခလရ ၅၅ သည်  ၁၉၉၄- ၁၉၉၅ ခုနှစ် ကတည်းက အဆိုပါ လယ်မြေများကို သိမ်းယူထားသည်။ လက်ရှိ ဂွမြို့ရှိ ကမ်းသာယာ ပင်လယ် ကမ်းခြေ အခြေ အနေကိုလည်း သူက ယခုလို ဆက်ပြောသည်။

“ဂွမြို့နယ်မှာ ရှိတဲ့ ကမ်းသာယာ ကမ်းခြေက ငပလီကမ်းခြေလို သိပ်ပြီးသာယာတဲ့ ကမ်းခြေ တစ်ခုပါဘဲ။ အဲဒါကို ဟိုတယ် ဆောက်မယ်ဆိုပြီး အစက အနီးအနားကလယ်တွေကို သိမ်းတယ်။ တဘက်ခြမ်းမှာ နည်းနည်း အဆောက် အဦးတွေ ဆောက်ပြီး နောက်တဘက်ခြမ်းမှာတော့ လုံးဝ မဆောက်ဘူး။ ဆောက်ထား တာတွေလည်း အခုတော့ အကုန်လုံး ပျက်စီး ကုန်ပါပြီ။ ဂွရဲ့ လက်ရှိ အခြေအနေ အရ အဲဒီ နေရာကို  နိုင်ငံခြားသား ဧည့်သည် ဖြစ်ဖြစ် ပြည်တွင်းက ဧည့်သည် တွေ ဖြစ်ဖြစ် လာဖို့ဆိုတာ မလွယ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ မီး၊ ရေက အစ ၀န်ဆောင် မှုတွေ လမ်းပမ်း ဆက်သွယ်မှုတွေ တော်တော့်ကို အခက်အခဲပါ။ အဲဒါနဲ့ ဘယ်သူမှ မရောက်နိုင်တဲ့ အဲဒီလို နေရာမျိုးမှာ စိတ်ကူးယဉ်ပြီး ပင်လယ် ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်လာမယ် ဆိုပြီး မြေကို ကြိုတင် သိမ်းယူတဲ့ သဘောမျိုးနဲ့ စစ်တပ်က သိမ်းယူထားတာ ဖြစ်တယ်။ ဘာမှ လုပ်တာ မရှိဘူး။ သီးစား ချထားတယ်။ အုန်းပင်တွေကို ကန်ထရိုက်သဘောမျိုးနဲ့ ဌားထားတယ်။ အကုန်လုံးက  ၅ မိုင်ခန့်ထိ ရှည်လျှားတယ်။ တကယ့် ရှုခင်းတွေ လှပတဲ့ ကမ်းသာယာ ကမ်းခြေပါ။”

ခလရ ၅၅ မှ ဂွမြို့ ကမ်းသာယာ ကမ်းခြေတွင်သာမက  ကျိန္တလီ ကျေးရွာတွင်လည်း ၁၀ မိုင်ခန့်ရှည်လျားသည့် လယ်ဧက ရ၀၀ ကျော်ကို စစ်တပ်က  ၁၉၉၄ က သိမ်းထားပြီး ယခုအချိန်ထိ ဘာမှ မလုပ်ကိုင်ဘဲ ပစ်ထား သဖြင့် တောင်သူများ အနေဖြင့် အထူးနစ်နာနေရသည်ဟု ဆိုသည်။

“သိမ်းထားတာက အခုနှစ်ပေါင်း ၂၀ ခန့်ရှိပြီ ဘာမှမလုပ်ဘူး။ အဲဒါကို လယ်သမားတွေက ထပ်ပြီး တိုင်ပြန် ရော။ ဒါကြောင့် ကျွန်တော်တို့ ဂွနဲ့ ကျိန္တလီက လယ်ဧက ၁၀၀၀ နီးပါးကို လာရောက် စစ်ဆေးတာပါ”  ဟု ဆိုသည်။

ယခုကဲ့သို့ လယ်မြေများကို စစ်တပ်က မလိုအပ်ဘဲ သိ်မ်ထားခြင်း အပေါ် သူက ယခုလို ပြောသည်။

“တပ်ဧရိယာမှာ ကျတဲ့လယ်မြေတွေ၊ ဒါမှမဟုတ် တပ်နဲ့ နီးစပ်တဲ့ လယ်မြေတွေဆိုရင်တော့ လယ်သိမ်းတာကို ကျွန်တော် တို့စဉ်းစားလို့ ရသေးတာပေါ့။ ဒါပေမဲ့ တပ်က တခြား၊ ရှိတဲ့ လယ်က အဝေးကြီးမှာ လာပြီး သိမ်းထားတယ် ဆိုတော့ ဒါက မဖြစ်သင့်ဘူး ထင်ပါတယ်။  တပ်အတွက် လုပ်ဆောင်ချက်လည်း ဘာမှမရှိဘူး၊ တပ်အတွက် ဘာမှ အကျိုးမရှိ သလို နိုင်ငံတော် အတွက်လည်း ဘာမှ အကျိုးမရှိဘဲနဲ့ အဲဒီမှာ တပ်ရေး ဗိုလ်ကြီးတို့ တပ်ရင်းမှူးတို့ အဲသလို လုပ်နေတာ။ သီးစား ချထားတယ်ပေါ့။ လယ်သမားတွေကို အဲဒီလို သီးစားခကို တောင်းစားနေတာ နှစ်ပေါင်းများစွာ ကြာသွားပြီ။ ဒီအပေါ်မှာ ကျွန်တော်တို့က အဲလို မဖြစ်သင့် ဘူးထင်တယ်။ ဘာဖြစ်လို့ဆိုတော့ လယ်သမားတွေက ကိုယ့်မြေကို ကိုယ်လိုချင်မှာဘဲလေ။ နိုင်ငံတော် အတွက်လည်း အကျိုးရှိ တယ်။ ဒါမှမဟုတ် တပ်တိုးချဲ့ဖို့အတွက် အဆောက်အဦးတွေ ဆောက်လုပ်ဖို့ လိုအပ်တယ် ဆိုရင်တော့ ဟုတ်ပါတယ်” ဟု ဆိုသည်။

ယခုအခါ အထက်မှ တပ်ရင်း တပ်ဖွဲ့များကို သီးစားချခြင်း၊ တပ်သက်သာ ရန်ပုံငွေ ရှာခြင်းများ မပြုလုပ်ကြန် ညွန်ကြားထားသော်လည်း တချို့ တပ်ရင်းများသည် သိမ်းယူထားသော လယ်မြေများကို ဆက်လက် သီးစားချနေတုန်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ နိုင်ငံအတွက် ရုပ် ပျက်ဆင်းပျက်ဖြစ်စေသည်ဟု ယူဆကြောင်း ဦးဖေသန်းက ဝေဖန် ပြောဆိုသည်။

ယမန်နေ့ကလည်း လွှတ်တော် စစ်ဆေးရေး ကော်မရှင်သည်  ခလရ ၅၅ ကတာ ၀န်ရှိသူများ၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် လယ်သမားတို့ကို သံတွဲ မြို့နယ်တွင် သိမ်းယူထားသော လယ်မြေ အမူ  ၄ ခုကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ဒုတိယ အကြိမ် ရခိုင်ပြည်နယ် အတွင်း လွှတ်တော် ကော်မရှင်က စစ်ဆေးခဲ့သော အမူများမှာ သံတွဲတွင် ၄-မှု၊ ကျိန္တလီတွင် ၁မှုနှင့်  ဂွမြို့တွင် (၁) မူနှင့် ကျောက်ဖြူတွင် (၇) မူတို့ ဖြစ်ကြပြီး  စစ်ဆေး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ပြည်ထောင်စုလွတ်တော်ကို တင်ပေးရမည် ဖြစ်ကြောင်း သိရသည်။

Most read this week