အရပ်ဖက် လူ့အခွင့်အရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်လူငယ်များ တက်ရောက်

အရပ်ဖက် လူ့အခွင့်အရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်လူငယ်များ တက်ရောက်
by -
နိရဥ္စရာ

မန္တလေးတိုင်း ပြင်ဦးလွှင်မြို့တွင် ပထမဆုံး အရပ်ဖက် အဖွဲ့အစည်းများမှ ပြုလုပ်သော မြန်မာ နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ သို့ ရခိုင် လူငယ်အဖွဲ့ ၃ခုမှ ကိုယ်စားပြု လူငယ်များ တက်ရောက်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အာရှအလင်းရောင်း ကျောင်းတိုက်၌ Youth for Social Change Myanmar, Social Change Institute of Myanmar, Aye Mya Metta Foundation, Asia Alin Yaung Foundation နှင့် Shwechinthae Social Service Group တို့မှ ပူးပေါင်းပြီး ကျင်းပ  ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Youth-for-Social-Change-Myanmar

အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်လူငယ်အဖွဲ့အစည်းများ ဖြစ်ကြသည့် ရခိုင်အမျိုးသား ကွန်ယက်၊ American Center ရှိ Arakan Club နှင့် ရခိုင်ကျောင်းသားလူငယ် စာပေနှင့် ယဉ်ကျေးမှု မြှင့်တင်ရေး အဖွဲ့တို့မှ ကိုယ်စားလှယ် (၆) ဦး တက်ရောက် ခဲ့သည်။

အခမ်းအနားအတွင်း ကချင်နှင့် ရခိုင်ပြည်တွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အဓိက ထားဆွေးနွေးခဲ့ ကြသည်ဟု စာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရေး အဖွဲ့ဥက္ကဌ ကိုကျော်မင်းခိုင်က နိရဥ္စရာသို့ပြောသည်။

“အဓိကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲကြောင့် လူ့အခွင့်အရေး ချိုးဖေါက်မှုကိစ္စတွေ၊ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် လူ့အခွင့်အရေးချိုး ဖေါက်မှု ကိစ္စတွေ၊ ထို့အတူ တိုင်းရင်းသား ဒေသတွေမှာလူ့အ ခွင့်အရေးချိုးဖေါက်မှု ကိစ္စရပ်တွေကို ဆွေးနွေးကြတာပါ” ဟု ပြောသည်။

တစ်ခြား တက်ရောက်ခဲ့သူ ရခိုင်လူငယ် တစ်ဦးဖြစ်သူ ကိုစိုက်ရှည်ကလည်း သူတို့ တင်ပြခဲ့သော အကြောင်းအရာများကို ယခုလို ပြောသည်။

“ကျွန်တော််တို့ တင်ပြတာက ရခိုင်မှာ စစ်တပ်က လယ်မြေတွေကို မတရား သိမ်းပိုက်ထားတာတွေ၊ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းတဲ့ နေရာတွေမှာ လယ်သမားတွေ လယ်မြေ ဆုံးရှံုးခဲ့ရတာတွေ၊ ဘင်္ဂလီတွေနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကိုလည်း တင်ပြဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲသို့ ၈၈ မျိုးဆက်သစ်ကျောင်းသား အဖွဲ့မှ  ဦးမင်းကိုနိုင်၊ ကိုပြံုးချို အပါ၀င် ချင်း၊ ရခိုင်၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်းစသည့် တိုင်းရင်းသား လူမူ အဖွဲ့အစည်းပေါင်း ၄၅ ဖွဲ့မှ ကိုယ်စားလှယ်များ ၆၀ကျော် တက်ရောက် ခဲ့သည်ဟု သိရသည်။

အခမ်းအနားအတွင်း ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ရခိုင်အရေးကိစ္စကို ထည့်သွင်းပြောကြားခဲ့သည်ဟု ကိုကျော်မင်းခိုင်ကဆိုသည်။

“ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ကိစ္စမှာ နိုင်ငံသား တယောက်ဖြစ်ဖို့ အတွက် ဘယ်လိုသက်သေ အထောက်အထားတွေနဲ့ ခိုင်မာတဲ့ အချက်အလက်တွေ လိုအပ်တယ်ဆိုတဲ့ အကြောင်းတွေကို  ပြောကြားခဲ့သလို ကချင်မှာဖြစ်နေတဲ့ စစ်ပွဲကိစ္စကိုသူ့ အနေနဲ့ ၀မ်းနည်းမိကြောင်း ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။

ယင်းအခမ်းအနားအတွင်း ဆုံးဖြတ်ချက်(၆)ချက် ချမှတ်ခဲ့သည်ဟုသိရသည်။ နံပါတ်(၁)မြန်မာနိုင်ငံ ပညာရေး စနစ်ကို နိုင်ငံတကာအဆင့်မှီမြှင့်တင်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကို ပိုမိုဆောင်ရွက်ပေးရန်၊ (၂) ကျန်းမာရေး အသုံးစရိတ် မြှင့်တင်ပေးရန်နှင့် ကျေးလက်ဒေသအထိ လူတိုင်းဆေးဝါးကုသခွင့် ရရှိစေရေး ဆောင်ရွက်ပေးရန်၊ (၃)တိုင်းရင်းသား လုပ်ငန်းရှင်များ၏ စီးပွားရေး အာမခံချက် ရရှိစေရေးဖြည့်ဆည်းဆောင် ရွက်ပေးရန်၊(၄) တောင်သူလယ်သမားများနှင့် အလုပ်သမားများ၏ အခွင့်အရေးများကို အပြည့်အဝရ ရှိအောင် ဆောင်ရွက်ပေးရန်၊ (၅) ကလေးစစ်သား ပပျောက်ရေးနှင့် ကလေးအလုပ်သမားများလျော့နည်းစေရေးဆောင် ရွက်ပေးရန်၊ (၆) အမျိုးသမီးများ တန်းတူအခွင့်အရေးအတွက် ဥပဒေပြဌာန်းဆောင်ရွက်ပေးရန်စသည်တို့ပါ၀င် သည်။

အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး ကွန်ယက်တခု ပေါ်ပေါက်လာရေးကို မျှော်မှန်းပြီး လူ့အခွင့် အရေး ဖေါ်ဆောင်မှုအဖွဲ့ Human Rights Working Group ကို ဖွဲ့စည်း နိုင်ခဲ့သည်ဟု သိရသည်။

အဖွဲ့တွင် အလုပ်အမှုဆောင်များ အဖြစ် အာရှအလင်းရောင် ဆရာတော် ဦးစိန္တိတ၊ အေးမြ မေတ္တာဆရာ တော် ဦးသုဇန၊ ရွှေခြသေ့င်္ဆရာတော် ဦးတေဇာဓိပတိ၊ ကိုနစ်ကီ၊ ကိုအောင်ကျော်ဆန်းဦး၊ ကိုရှိုင်း၊ ကိုအောင်ဇော်ထွေးတို့ ပါ၀င်သည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာလူ့အခွင့်အရေး နေ့ကို ဦးတည်ပြီး ဒီဇင်ဘာ (၈)ရက်ကနေ (၁၀) ရက်နေ့ အထိ ၃ရက်တိုင်တိုင် ကျင်းပပြု လုပ်ခဲ့သည်ဟု သိရ သည်။

Most read this week