ထိုင်း-မြန်မာ နယ်စပ်တွင် တလလျှင် ကလေး ၂ဝ ခန့် ရောင်းဝယ်ခံနေရဆဲ

ထိုင်း-မြန်မာ နယ်စပ်တွင် တလလျှင် ကလေး ၂ဝ ခန့် ရောင်းဝယ်ခံနေရဆဲ
by -
မဇ္စျိမ

မြန်မာ-ထိုင်း နယ်စပ် တလျှောက်တွင် တလလျှင် ကလေး အယောက် ၂ဝ ခန့် ကူးသန်းရောင်းဝယ်ခံနေရ သည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ကိုအောင်မျိုးမင်း က ဗုဒ္ဓဟူးနေ့က ကျင်းပသော ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အခမ်းအနားတွင် ပြောကြားလိုက် သည်။

ct1

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီး ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံတွင်  ယခုနှစ် ပထမဆုံး အကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

“အခုနောက်ပိုင်း အစိုးရနဲ့ NGO တွေရဲ့ အသိပညာပေး လုပ်ဆောင်မှုတွေကြောင့် ကလေး ကူးသန်းရောင်း ဝယ်မှုက လျော့လာပေမယ့်လည်း ပညာပေး ချိတ်ဆက်မှု အားနည်းပြီး စားဝတ်နေရေး နိမ့်ကျလို့၊ ရွှေ့ပြောင်း ရင်းနဲ့ လူကုန်ကူး ခံရတဲ့ အဖြစ်တွေကတော့ ရှိနေသေးတာပဲ” ဟု ကိုအောင်မျိုးမင်း က ဆိုသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် Excel Tower Hotel တွင် ပြုလုပ်ခဲ့သော အခမ်းအနားတွင် ဒု-ရဲမှူး ဒေါ်အေးမြင့် က ၂ဝ၁၂ ခုနှစ်အတွင်း လူကုန်ကူးမှုများအထဲမှ ၁၆ နှစ်အောက် ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ၂၂ မှု ပါဝင်ခဲ့ပြီး ကလေး ၃၂ ဦးတွင် လက်ထပ်ထိမ်းမြားခံရသူ ၁၃ ဦး၊ အဓမ္မ စေခိုင်းမှုခံရသူ ၉ ဦး၊ ပြည့်တန် ဆာအဖြစ် စေခိုင်းခံရသူ ၈ ဦးနှင့် အဓမ္မ တောင်းရမ်းစေခိုင်းခြင်း ခံရသူ ၁ ဦး ပါဝင်ခဲ့သည်ဟု ပြောဆိုသွားသည်။

ဒု-ရဲမှူး ဒေါ်အေးမြင့်
လူကုန်ကူးမှု ဖြစ်စဉ်များတွင် ရဝ ရာခိုင်နှုံးသည် တရုတ်နိုင်ငံသို့ အဓမ္မ ရောင်းစားခံရပြီး ၂ဝ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံရှိ ငါးဖမ်းသင်္ဘောများသို့ ရောင်းစားခံရကာ ၁ဝ ရာခိုင်နှုန်းသည် ပြည်တွင်းတွင် ပြည့်တန်ဆာနှင့် လုပ်အား ခေါင်းပုံဖြတ် ရန် အဓမ္မ တောင်းရမ်းစေခိုင်းမှုများ အတွက် ကူးသန်းရောင်းဝယ်ခံရကြောင်း ဒေါ်အေးမြင့် က ဆက်လက်ရှင်းပြ သည်။

ကလေးကူးသန်းရောင်းဝယ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်သည့် ရာဇဝတ်မှု တားဆီးရေး သဘောတူ စာချုပ်ကို အီတလီနိုင်ငံ၊ ပါလာမိုမြို့တွင် ၂ဝဝဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့၍ ထိုနေ့အား ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကမူ ထိုစာချုပ်ကို ၂ဝဝ၃ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ကုလသမဂ္ဂ၏ နိုင်ငံဖြတ်ကျော် မှုခင်းများအဖွဲ့ တွင် အဖွဲ့ဝင်အဖြစ်နှင့် ပါဝင် လတ်မှတ်ရေးထိုးခဲ့ပြီး နောက်ဆက်တွဲ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူမှောင်ခို သွားလာမှု တိုက်ဖျက်ရေး စာချုပ်များတွင် လက်မှတ် ရေးထိုးခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ရပ်ကွက်ကျေးရွာ အဆင့်အထိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့များ၊ အထူးစောင့်ကြည့် အဖွဲ့များ ထားရှိခဲ့ပြီး မဲခေါင်မြစ်ဝှမ် ဒေသ ၆ နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ အထိ တနိုင်ငံလုံးတွင် လူကုန်ကူးမှုပေါင်း ၈၈၅ မှုကို
ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁,၉၃၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ တရားခံ ၂,၄၅၃ ဦးကို အရေးယူနိုင်ခဲ့သည်။