မြန်မာစစ်တပ်က ပြည်သူလူထုအား မတရားအသင်းနှင့်ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းကိုလည်း ဖမ်းဆီးရမည်ဟု RCSS/ SSA က ပြောကြားလိုက်သည်။
“သျှမ်းစာပေနဲ့ အမျိုးသားရေး ဟောပြောပွဲမှာ RCSS က စဝ်ပေါင်ခေးက ပြောတာ။ တကယ်လို့ ဗမာ စစ်တပ်က လူထုတွေကို သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးရင် ဦးအောင်မင်း ကို လည်း ဖမ်းရမယ်။ ဦးအောင်မင်းကလည်း သူပုန်နဲ့ဆက်သွယ်တယ်ပေါ့” - ဟု ကျိုင်းတုံ သျှမ်းနှစ်သစ် ကူးပွဲ တက်ရောက်သူတစ်ဦးက ပြောသည်။
ထို့အပြင် တပ်မတော်၏ အခန်းမှာ တိုင်းပြည်နှင့် လူထုကို ကာကွယ်ပေးရန် ဖြစ်ကြောင်း၊ လူထုက ညှင်းပန်း နှိပ်စက်ခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ဖမ်းဆီးခံရခြင်း ရှိပါက RCSS/ SSA ၏ ဆက်ဆံရေးရုံးသို့မဟုတ် ပြန်ကြားရေးရုံးသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ လူထု ကြုံတွေ့နေရသည့် ပြဿနာများကို ကူညီဖြေရှင်း ပေးမည်ဟုလည်း RCSS/ SSA ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး က ပြောဆိုခဲ့သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဦးအောင်မင်း ကိုယ်တိုင်က သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင် ခွန်ထွန်းဦး အား “ခွန်ထွန်းဦး သူပုန်နှင့်ဆက်သွယ်၍ အဖမ်းခံရလျှင် ကိုယ်တိုင်လာ ရောက် အာမခံ လွှတ်ပေးမည်။ မလွှတ်ပေးနိုင်ပါက ကိုယ်တိုင် ခွန်ထွန်းဦးနှင့်အတူ အကျဉ်းကျခံမည်” ဟု ဂျူလိုင် ၂၂ ရက်နေ့က ပြောခဲ့သည်။
“ကိုယ်စားလှယ်ရုံးထားရှိရာမြို့တွေ မှာ RCSS/ SSA ပြန်ကြားရေးရုံးတွေလဲ ဆက်တိုက်ဖွင့်သွားမယ်လို့ ပြောတယ်။ လူထုရဲ့ မကျေနပ်ချက်တွေကို တိုင်ကြားဖို့လို့ပြောတာဘဲ။ ဘယ်အဆင့်အထိ လုပ်ပေး နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” - ဟု ကျိုင်းတုံပွဲတော်ရောက် ချင်းမိုင်မှ စိုင်းဆိုင် က ပြောသည်။
လူထုအနေဖြင့် မေလ ၁၉ ရက်နေ့ သဘောတူညီချက်အရ RCSS/ SSA နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့် ရထားသော်လည်း ယခုတိုင် ပုဒ်မ ၁၇/၁ ကြောင့် စိတ်ပူမှုရှိနေကြကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။
ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ တိုင်းရင်းသားစာပေဆိုင်ရာ ဟောပြောပွဲကျင်းပ ရာ အားဂျန်နန်သန်းက ကျိုင်းတုံမြို့သမိုင်းကြောင်း၊ ဆရာစိုင်းအောင်ထွန်းက သျှမ်းလူမျိုးများ၏ သမိုင်းကြောင်း၊ စိုင်းဆမ်တစ် ခေမရဌ်က သျှမ်းလူမျိုး၏ ယုံကြည်ကိုးကွယ်မှု၊ ခံယူမှုအကြောင်း၊ ဗိုလ်မှူးချုပ်ပေါင်ခေးက သျှမ်းအမျိုးသားရေးအကြောင်း၊ စိုင်းပင်ခမ်းက သျှမ်းနှစ်သစ်ကူးအကြောင်းကို ဟောပြောခဲ့ကြသည်။