ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာအား အစိုးရက အကြမ်းဖက် ဖြေရှင်းခဲ့သည့်အပေါ် ပိုမိုကြီးမားသည့် ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မွန်ဒီမိုကရေစီပါတီ (MDP) က ကြေညာချက် ထုတ်ပြန်လိုက်သည်။
စီမံကိန်းကို ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြနေကြသည့် ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ အင်အားသုံးပြီး ဖြိုခွဲခဲ့ခြင်းမှာ ဒီမိုကရေစီကို ရှေ့ရှုနေသည်ဟူသည့် သမ္မတ ဦးသိန်းစိန်အစိုးရ၏ စကားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု MDP အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း က ပြောသည်။
“လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြဿနာ ပိုကြီးလာနိုင်တယ်။ အာဏာသိမ်းတဲ့ထိ ဖြစ်လာမှာကို လည်း စိုးရိမ်တယ်။ ပြဿနာသေးသေးကနေ အမြန်ရပ်သွားနိုင်ဖို့ တွေ့ဆုံဆွေးနွေးရေးတရပ် ဖြစ်လာဖို့ လိုတယ်။ အကြမ်းဖက်တဲ့နည်းနဲ့ ပြဿနာကို အဆုံးမသတ်နိုင်ဘူး တွေ့ဆုံရှင်းလင်းခြင်းနဲ့ ပြဿနာကို အဆုံးသတ်နိုင်မှာပါ” ဟု ဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် MDP ၏ ကြေညာချက်တွင် ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ရန် ကတိက ဝတ်ပြု ကြွေးကြော်နေသည့် ဦးသိန်းစိန် အစိုးရအနေဖြင့် အကြမ်းဖက်မှုမှန်သမျှကို ရှောင်ရှား၍ ကွဲလွဲချက် များကို ညှိနှိုင်းဖြေရှင်းရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
ထို့အပြင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်လည်း အဂတိ မလိုက်စားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။
“လက်ပံတောင်းပြဿနာကို စုံစမ်းဖို့ ဖွဲ့ထားတဲ့ ကော်မတီကလည်း အဖြစ်မှန်ကို အမြန်ဖော်ထုတ်ဖို့ လိုတယ်။
ဒေါ်စုဘက်ကလည်း နိုင်သလောက် ကြိုးစား အဖြေရှာနေတယ်။ အစိုးရက ပြည်သူလူထုတွေအပေါ် ပြောတဲ့အတိုင်း လုပ်လာမယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် ဒီကော်မတီအပေါ် အကျိုးအမြတ်ရှိမယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟုလည်း ဒေါက်တာ မင်းစိုးလင်းက ပြောဆိုသွားသည်။
MDP ၏ ယခင်အမည်ဖြစ်သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် MNDF ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ၅ နေရာ အနိုင်ရခဲ့သည်။ ထိုစဉ်က စစ်အစိုးရမှ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံခဲ့ရသည်။
ထို့နောက် ၂၀၁၀ ခုနှစ်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည် မှတ်ပုံတင်ခြင်း မပြုဘဲ ၂၀၁၁ ခုနှစ်၊ ထိုဥပဒေကို ပြင်ဆင်ပြီးနောက်တွင်မှ ပြန်လည် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။