မြန်မာအစိုးရ တပ်မ ၅၅ အင်အား ၃၀၀ ကျော် တနိုင်းမှာ ရောက်

မြန်မာအစိုးရ တပ်မ ၅၅ အင်အား ၃၀၀ ကျော် တနိုင်းမှာ ရောက်
by -
ကချင်သတင်း

ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂) နယ်မြေရှိ တနိုင်းမြို့တွင် မြန်မာအစိုးရ၏ တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် ရောက်ရှိနေကြောင်း ဒေသခံများဆိုသည်။

ယင်းစစ်ကြောင်းသည် အစိုးရတပ်စခန်းရှိသည့် အိန္ဒိယနယ်စပ်အနီး နန်ယွန် (Nan Yun)၊ ပန်ဆောင် (Pangsau)နှင့် KIO အဖွဲ့၏ အိန္ဒိယနယ်စပ် ဆက်ဆံရေးရုံး (ROKA-I) တည်ရှိရာသို့ စစ်အင်အားဖြည့်တင်းရန် ရည်ရွယ် ချီတက်လာခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများကဆိုသည်။

ယင်းတပ်ဖွဲ့ဝင်များအား တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်များ နှင့် နယ်မြေခံတပ်ရင်းများက လီဒိုလမ်းမတလျှောက် လုံခြံုရေး ယူပေးထားပြီး ဒီဇင်ဘာလ ၅ ရက်နေ့က တနိုင်းမြို့သို့ ၀င်ရောက်လာကြောင်းနှင့် ဒီဇင်ဘာလ ၁၁ ရက်၊ အင်္ဂါနေ့အထိ တနိုင်းမှ ထွက်ခွာခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင် အရပ်ဝတ်များ ၀တ်ဆင်ထားသလို အရပ်သားကားများဖြင့် တရက်လျင် နည်းနည်းစီ မိုးကောင်းမှ တနိုင်းသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောဆိုသည်။

ယခုကဲ့သို့ KIA တပ်မဟာ ၂ နယ်မြေသို့ အစိုးရ စစ်အင်အားများ တိုးချလာခြင်းကြောင့် မကြာမီ ဒေသတွင်း တိုက်ပွဲ ဖြစ်ပွားလာမည့်အရေး ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အစိုးရနှင့် KIO ကြား တနှစ်ခွဲကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း အခြားဒေသများထက် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ နည်းပါးသည်။

Most read this week