အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လွိုင်ကော်မြို့၌ ပထမဆုံးအကြိမ် ကျင်းပ

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လွိုင်ကော်မြို့၌ ပထမဆုံးအကြိမ် ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

၆၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့မှာ ယမန်နေ့က ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ကြပါတယ်။

အခုလိုလူ့အခွင့်အရေးနေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ကယားပြည်နယ်က တိုင်းရင်းသားလူ ထုတွေ အကြောက်တရားအောက်က လွတ်မြောက်နိုင်လိမ့်မယ်လို့ မျော်လင့်ကြောင်း ကယားပြည်နယ်၈၈ မျိုးဆက် လူမူအကျိုးပြုကွန်ယက်အဖွဲ့မှ ဖိုးခွားက အခုလိုပြောပါတယ်။

အင်တာနက်ရှင်နယ်လူ့အခွင့်အရေးနေ့ လွိုင်ကော် ပန်ကန်း၌ ကျင်းပစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))

“ပြည်သူလူထုတွေဟာ ဘယ်လိုကိစ္စမဆိုမှာအာဏာပိုင်တွေနဲ့ ဆက်ဆံတာဘဲဖြစ်ဖြစ် ဘယ်လို ကိစ္စဘဲဖြစ်ဖြစ် ပြည်သူတွေကြောက် ရွံ့နေတာဘဲရှိတယ်။ အဲ့အတွက်ကြောင့် ဒီလိုလူ့အခွင့်အရေး အခမ်းအနားတွေ လုပ်ပေး ခြင်းအားဖြင့် ကျနော်တို့ ကယားပြည်နယ်မှာရှိတဲ့ လူထုတိုင်းရင်း သားတွေအားလုံး အကြောက်တရား တွေ ကိုဖယ်ခွာနိုင်မယ်လို့ မျော်လင့်ပါတယ်။”

လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်မှာကျင်းပပြုလုပ်တဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကယန်းအမျိုးသားပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့တကွ လူမှုအခြေပြု လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ကရင်နီပြည်လူငယ်များသမ္မဂ ခွန်းဘီးဒူူကလည်း “လူ့အခွင့်အရေးကိုကျနော်တို့ရှေ့လျှောက် အပိုင်းနှစ်ပိုင်း ခွဲပြီးတော့မှ မြင့်တင်ဖို့တော့လိုလိမ့်မယ်ပေါ့။ ပထမအပိုင်းက အစိုးရနဲ့ ပြည်သူကြားမှာ တိုက်ရိုက်ပါတ်သက်တဲ့ အမှုမျိုးပေါ့ အဲ့ဒါကဘာလဲဆိုတော့ အစိုးရကနေ ဥပဒေနဲ့ အကာအကွယ် ပေးတာတို့ အစိုးရကနေ ကျနော်တို့ကိုဆောင်ရွက်ပေးတာတို့ လူ့အခွင့်အရေး ကာကွယ်မြင့်တင်ပေးတဲ့ လုပ်ငန်းတွေအစိုးရနဲ့ တိုက်ရိုက်လုပ်ပေးရမှာပေါ့နော်။ ဥပဒေက ကာကွယ်ပေးခြင်း အားဖြင့် နောက်အသင်းအဖွဲ့တွေဖွဲ့ပြီးမှ ခွင့်ပြုခြင်းအားဖြင့် ဒါပထမအဆင့်လုပ်ရမယ်။ ဒုတိယတခုကတော့ ကျနော်တို့ လူ့အခွင့်အရေးကို လူထုအချင်းချင်း Network တွေဖွဲ့ပြီးတော့ ကူညီကြဖို့လိုတယ်။ လူ့အခွင့်အရေးကိုကျနော်တို့ အချင်းချင်း ကြားထဲမှာလဲမချိုးဖောက်မိဖို့လိုတယ်။” လို့ ပြောပါတယ်။

အလားတူ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလွင်ကလည်း “ ၁၉၆၂ခုနှစ်ကစပြီး တော့ တက်လာတဲ့စစ်အစိုးရအဆက်ဆက်က မြန်မာပြည်ရဲ့ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်ခဲ့တယ်။ အကြီးအကျယ် ချိုးဖောက်တယ် ဆိုတဲ့နေရာမှာလဲ သာမာန်ချိုးဖောက်တာမဟုတ်ဘဲနဲ့ အကြမ်းဖက်တဲ့နည်းကိုသုံးပြီးတော့ချိုးဖောက်ခဲ့တယ်။ အဲ့ဒီလိုအခြေအနေအောက်မှာ ကယားပြည်နယ်က ပြည်သူလူထုတွေအနေနဲ့ လူ့အခွင့်အရေးနေ့အခမ်းအနားကိုကျင်းပဖို့အခွင့်မသာခဲ့ကြဘူး။” လို့ ပြောပါတယ်။