သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံ ညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည်

သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံ ညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

ထာဝရ ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများလုံးပါဝင်မည့် ညီလာခံတရပ်အား လာမည့်သင်္ကြန်ကာလမတိုင်မှီ ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

ဦးစိုင်းလင်းနှင့် ခွန်ထွန်းဦး (ဓါတ်ပုံ-SNLD)

“နဂိုရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ် အနေနဲ့သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ဖိတ်ခေါ်ပြီးယုံကြည်မှုတည်ဆောက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်တို့ မိုင်းလားကိုသွားတယ်။ နောက်တခါ သျှမ်းပြည်တိုင်းရင်းသား အားလုံးပါဝင်မယ့် ညီလာခံတရပ် လုပ်ခဲ့ရင် ပါဝင်ဖို့ မိုင်းလားအဖွဲ့က လှိုက်လှိုက် လှဲလှဲရှိတယ်” ဟု စိုင်းလိတ်ကပြောသည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလာမတိုင်မှီ သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပါဝင်သည့်ညီလာခံတရပ်ကျင်းပရန် မိုင်းလားတပ်ဖွဲ့အား ပထမဦးဆုံးသွားရောက်ဆွေးနွေးကြောင်း၊ နောက်ပိုင်းဝတပ်ဖွဲ့၊ ပအိုဝ်း၊ ပလောင်၊ လားဟူ စသည့် တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးနွေးသွား မည်ဖြစ် ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် အောက်ခြေအရာရှိများနှင့်ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း၊ ညီလာခံကြီး တွင် ခေါင်းဆောင် သို့မဟုတ် ဒုခေါင်းဆောင် Summit အဆင့်လုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။

“ကျနော်တို့ ဒုတိယညီလာခံကိုတော့ သင်္ကြန်မတိုင်ခင်လေးမှာလုပ်ချင်တယ်။ လုပ်နိုင်အောင် ကြိုးစားနေပါ တယ်။ အခု မိုင်းလားဆီကိုဘဲလာရ သေးတယ်။ ကျန်တာအများကြီးရှိသေးတယ်။ သျှမ်း ပြည် အခြေစိုက်အဖွဲ့ အစည်းတွေလဲအများကြီးရှိ သေးတယ်။ ဒီအတွက်အချိန် ၄- ၅ လ ယူရဦးမယ်။ နှစ်သစ်ကူးပွဲပြီးရင်တော့ ဝ တပ်ဖွဲ့ခေါင်းဆောင်တွေကို ထပ်တွေ့ဖို့ရှိတယ်” - ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

ထို့အတူ ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားကြား၊  တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှုတည်ဆောက် ရာတွင် တပ်မတော်နှင့် ပြည်သူနှစ်ဘက်စလုံးက ထဲထဲဝင်ဝင်လေ့လာဖို့လိုကြောင်း၊ ထို့ကြောင့်လာမည့် ညီလာခံတွင် စစ်တိုင်း ၄ ခုက စစ်တိုင်းမှူးများ၊ လူထုကိုယ်စားလှယ်များလည်း  တက်ရောက်စေလိုကြောင်း စိုင်းလိတ် ကပြောသည်။

ဒီဇင်ဘာ ရ ရက်မှ ၉ ရက်နေ့အထိ ခွန်ထွန်းဦး၏ မိုင်းလားခရီးစဉ်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နာယ က ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် စိုင်းကျော်လှ၊ သျှမ်းပြည်ပြန်လည်ထူ ထောင် ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးကြီးစိုင်းစိုးတို့လည်း ပါဝင်သည် ဟုဆိုသည်။ ဝ ခေါင်း ဆောင် နှင့် ခွန်ထွန်းဦးတို့ မကြာမှီတွေ့ဆုံနိုင်ရန်အတွက် ဒု-ဗိုလ်ချုပ်ကြီး ဆေထင်၊ ဒု ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း သို့ နိဒါန်းအဖြစ် သွားရောက်ဆွေးနွေးနေသည်ဟုလည်း သိရသည်။