မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြံုမှု ကင်းမဲ့နေဆဲ

မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြံုမှု ကင်းမဲ့နေဆဲ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင် နဘူးမြို့နယ်အတွင်း မြေမြုပ်မိုင်းဟောင်းများ နင်းမိပေါက်ကွဲမှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိသလို ဒေသတွင်းလုံခြံုမှု ကင်းမဲ့နေသေးသည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့- KHRG မှ ယနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်မှ နိုဝင်ဘာလ ပထမပတ် အထိ KHRG ၏ ကွင်းဆင်းမှတ် တမ်းအရ ယင်းဒေသရှိ နွားတစ်ကောင်အပါအဝင် အသက် ၂၁ နှစ် နှင့် အသက် ၄၀ အရွယ် အမျိုး သား ၂ ဦး၊ မြန်မာစစ်တပ် ခြေလျင်တပ်ရင်း (ခလရ-၂၇၅)မှ စစ်သည်တစ်ဦးတို့ကို မြေမြုပ်မိုင်းထိ၍ ခြေထောက် ပြတ်ခဲ့ ရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

နဘူးမြို့နယ်အတွင်းရှိ ထိခိုက်ဒဏ်ရာရရှိသည့် လူနှင့် တိရိစ္ဆာန်များသည် တီးကလေး၊ နို့ကင်း၊ ထီးကျားရာ ကျေးရွာ အနီးတဝိုက်တို့တွင် မြေမြုပ်မိုင်းနင်းမိ ခဲ့ခြင်းဖြစ်သည်ဟု KHRG အစီရင်ခံစာက ဆိုသည်။

KHGR ၏ ကွင်းဆင်းတာဝန်ခံ စောအဲလ်ဘက်က “အစီရင်ခံစာထဲမှာ ပါတဲ့အကြောင်းအရာတွေဟာ ကျနော်တို့ လက်လှမ်းမီးသလောက်ပဲ။ မိုင်းထိတဲ့ ဒေသခံတွေ လုံခြံုရေးအရ နာမည် မဖော်ပြဘူး။ အဲဒီထိတဲ့ နွားကတော့ သတ်လိုက်ရတာပေါ့။ အခု အပစ်ရပ်တဲ့ ကာလဖြစ်ပေမယ့် မြေမြုပ်မိုင်းတွေ မထုတ်သေးလို့ ဒေသခံတွေရဲ့ ဘဝလုံခြံုမှုတွေ ဆက်လက်ကင်းမဲ့နေသေးတယ်ဆိုတာ ရှင်းနေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ (၇)ခု အနက် ဒူးပလာယာ၊ တပ်မဟာ(၆) နှင့် ဖားအံခရိုင်၊ တပ်မဟာ(၇)အတွင်းတွင် ကေအဲန်ယူအပါအဝင် ဒီကေဘီအေ၊ နယ်ခြားစောင့်တပ်နှင့် မြန်မာအစိုးရတပ် စသည့် လက်နက်ကိုင်တပ်ဖွဲ့ အများစု လှုပ်ရှား နေသဖြင့် မည်သည့်တပ်ဖွဲ့၏ မိုင်းများဖြစ်သည်ကို ပြောဆိုရန် ခက်ခဲကြောင်း  စောလဲလ်ဘက်က ပြောသည်။

ထို့အပြင် လက်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ (၇)ခုအတွင်းရှိ ကရင်လူထု နေထိုင်ရာဒေသများရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအား ဆက်လက်ဖော်ထုတ်၍ အစီရင်ခံစာများ ထုတ်ပြန်သွားမည်ဟု KHRG က ဆိုသည်။

အလားတူ ယခုနှစ် ဇွန်လအတွင်းက ဖားအံခရိုင်အတွင်း မြေမြုပ်မိုင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ် ရာရရှိခဲ့သည်ဟု KHRG ၏ မှတ်တမ်းအရ သိရသည်။