ရခိုင် လွတ်တော်တွင် ဖြည့်စွက် ဘတ်ဂျက် သန်းပေါင်း ၁၂၀၀ ကိစ္စဆွေးနွေး

ရခိုင် လွတ်တော်တွင် ဖြည့်စွက် ဘတ်ဂျက် သန်းပေါင်း ၁၂၀၀ ကိစ္စဆွေးနွေး
by -
နိရဥ္စရာ

ယမန်နေ့ ဒီဇင်္ဘာလ ၁၀  ရက်နေ့က  ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် လွတ်တော် အစည်းအဝေးတွင် အစိုးရမှ ဖြည့်စွက် ဘတ်ဂျက် ကျပ်ငွေ သန်းပေါင်း ၁၂၀၀ တောင်းခဲ့သည့် ကိစ္စ အပေါ် အလေးပေး ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

ရခိုင် လွှတ်တော် ကျင်းပရာ အဆောက်အဦး ရှေ့တွင် မနေ့က လုံခြံုရေး ထူထပ်စွာ ချထားးခဲ့သည်။ ( ဓါတ်ပုံ- Coral Arakan)

အဆိုပါ ဖြည့်စွက် ဘတ်ဂျက်ငွေမှာ ၂၀၁၂- ၂၀၁၃ နှစ် ရခိုင်ပြည်နယ် ဘတ်ဂျက်တွင် မပါ၀င် သဖြင့် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)နှင့် ရခိုင်ပြည်နယ် သမဝါယမ ၀န်ကြီးဌာနမှ တောင်းခံထား သောငွေ ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က ဘတ်ဂျက်တွင် မထည့်သွင်းလိုက်ရသော ကျေးရွာ အုပ်ချုပ်ရေးမှူးများ အသစ်ခန့်အပ်သောအခါ ပေးရမည့် လစာအတွက် ထွေအုပ်က တောင်းခံငွေမှာ သန်းပေါင်း တစ်ထောင်ကျော် ဖြစ်သည်ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

“ဖြည့်စွက် ဘတ်ဂျက်ကို လွန်ခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ထွေအုပ်နဲ့ သမဝါယမ ၀န်ကြီးဌာနက တောင်းခံတဲ့  ဖြည့်စွက် ဘတ်ဂျက်ငွေ ဖြစ်ပါတယ်။ ကျပ်သန်းပေါင်း ၁၂၀၀ ကျော် ရှိပါတယ်။ ဒါကို  လွှတ်တော်က အတည်ပြု လိုက်တာကို ပြန်ပြီး ဆွေးနွေးကြပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ်လွတ် တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

သမဝါယမ ၀န်ကြီးဌာနမှ တောင်းခံသော ဘတ်ဂျက်မှာ အစိုးရမှ ချီးမြှင့် ၀န်ထမ်း တစ်ဦးစီ အတွပ် ကျပ်ငွေ ၃၀၀၀၀ ကို ယမန်နှစ်က တောင်းခံရန် မေ့ကျန်ခဲ့ရာမှ ပြန်လည် တောင်းခံခြင်း ဖြစ်သည်ဟု သိရသည်။ စုစုပေါင်း သန်း ၆၀ ကျော်ရှိသည်ဟု ဆိိုသည်။

ပထမ အကြိမ် စတုတ္ထမြောက် ပြည်နယ်လွတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီး ဌာန အများအပြားတွင် ယခုနှစ်အတွက် ဘတ်ဂျတ်ငွေ မလောက်ဟု ဆိုကာ ဖြည့်စွက်ဘားဂျတ်ငွေ ချပေးရန် တင်ပြခဲ့ကြသည်။

ယခု ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် ပြည်နယ် စည်ပင် ဥပဒေနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“အခု စည်ပင်က ပြည်နယ်အစိုးရ လက်အောက်ကိုလုံးဝ ရောက်သွားပြီဖြစ်တဲ့အတွက် ပြည်နယ်တိုင်း မှာ မိမိတို့ ပြည်နယ်နဲ့ သက်ဆိုင်တဲ့ စည်ပင် ဥပဒေကို ဆွဲကြရပါတယ်။ ဒါကို ပြည်နယ် အစိုးရ ဆွဲထားတဲ့ ရခိုင်ပြည်နယ် စည်ပင် ဥပဒေအပေါ်မှာ ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးကြပါတယ်” ဟု ဆိုသည်။

ယခု ပြုလုပ်သည့် ရခိုင် ပြည်နယ်လွတ်တော် အစည်းအဝေးမှာ ပထမအကြိမ် ပဥ္စမမြောက် ပုံမှန်ပြည်နယ် လွတ်တော် အစည်းအဝေးဖြစ်ပြီး မေးခွန်း ၁၀ ခုခန့်မေးခဲ့ကြကြောင်း သိရသည်။

မေးခွန်းအများစုမှာ ပညာရေးကဏ္ဍနှင့်သက်ဆိုင်သည့် မေးခွန်းများဖြစ်ပြီး  ကျောင်းဆောင်များ တိုးချဲ့ ဆောက်လုပ်ရေး၊ မူလတန်းကျောင်းများကို အလယ်တန်းအဖြစ်တိုးမြှင့်ပြီး အလယ်တန်း ကျောင်းများ ကို အထက်တန်းကျောင်းများအဖြစ် မြှင့်တင်ရေးများနှင့် ပတ်သတ်သည့် မေးခွန်းများဖြစ်ကြောင်း သိရ သည်။

Most read this week