ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင်များကို စွဲဆိုထားသည့် ပုဒ်မနှစ်ခု အနက် တခုသာ အာမခံ ရရှိခဲ့ပြီး ရရှိထားသည့် ထိုအာမခံ တခုကိုလည်း ပြန်လည် ရုပ်သိမ်းလိုက်ကာ ထောင်တွင်းမှ ပင် အမှုမပြီးမချင်း ရင်ဆိုင်သွားတော့မည်ဟု အဖမ်းခံရသူများ၏ မိသားစုဝင်များက ပြောသည်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တရားရုံးက နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ကို အာမခံ မပေးသည့်အတွက် ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ကိုလည်း အာမခံ မယူဘဲ လျှောက်ထားချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
“အဖမ်းခံထားရတဲ့ သူတွေကလည်း တနယ်တကျေးက ဆိုတော့ သူတို့ ရုံးချိန်းတွေ ကြန့်ကြာမှာ စိုးတဲ့အတွက် ၅ဝ၅ (ခ) ကို အာမခံတွေ မပေးဘူးတဲ့။ ဒီအမှုကို မြန်မြန်နဲ့ မှန်မှန်ပြီးအောင် စစ်ပေးပါ့မယ်လို့ ပြောတယ်။ ဒါ့ကြောင့် ပုဒ်မ ၁၈ အတွက် တင်ထားတဲ့ အာမခံကိုလည်း ပြန်ပြီးတော့ ပယ်ဖျက်လိုက်တယ်” ဟု အဖမ်းခံ ရွှေလုပ်သား ကိုရဲရင့်ထွန်း ၏ ဇနီးဖြစ်သူ မအိမွန်ကျော် က ပြောသည်။
အဖမ်းခံထားရသည့် ရွှေလုပ်သားခေါင်းဆောင် ၄ ဦးကို နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ရေတာရှည်မြို့နယ် တရားရုံး၌ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စတင်ရုံးထုတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့ ရုံးချိန်းတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံစွဲဆိုခံရပြီး ဒီဇင်ဘာလ ရ ရက်နေ့၊ ၁ဝ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အင်္ဂါနေ့ ရုံးချိန်းတွင် ကိုရဲရင့်ထွန်းနှင့် ကိုနိုင်ဝင်း တို့ နှစ်ဦးကို စစ်မေးပြီး ဗုဒ္ဓဟူးနေ့တွင် ကိုနေအောင်ထက်နှင့် ကိုစောနောင် တို့ နှစ်ဦးကို ထပ်မံစစ်မေးမည် ဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင်ပင် လေးဦးပေါင်း ကို ပုဒ်မ ၁၈ ဖြင့် ဆက်လက် စစ်မေးမည်ဟု မအိမွန်ကျော်က ပြောသည်။
“မြန်မြန်ပြီးအောင် ဆိုပြီးတော့ ရုံးချိန်းကိုလည်း ဆက်တိုက်လုပ်တယ်။ နောက်ပြီးတော့ အမှုတွေကိုလည်း ပေါင်းပြီး စစ်နေတယ်။ ကိုယ့်ဘက်ကတော့ ကိုယ်ခံရတဲ့အတိုင်း ကိုယ်လုပ်ခဲ့တဲ့အတိုင်းကိုပဲ ဖြေတယ်။ ဥပဒေအထက်မှာ လူတွေ ရှိလား မရှိဘူးလားဆိုတာ ဒီတရားရုံးက ဆုံးဖြတ်ချက် ချတာကိုပဲ ကျမတို့ စောင့်ကြည့်နေတယ်” ဟု မအိမွန်ကျော် က ပြောသည်။
ရေတာရှည် ရဲစခန်းနှင့် နီးစပ်သူတဦးက “ရုံးမှာ ဆက်ဆံမှုလေး တော်တော် ပြောင်းလာပြီ လို့တော့ ပြောတယ်။ ရုံးမှာ သတင်းထွက်နေတယ်။ တရားဥပဒေ စိုးမိုးရေး ကော်မတီက လာစစ်တော့မယ်လို့ သတင်းထွက်နေ တဲ့အတွက် မနေ့က သူတို့ တခြားအမှုတွဲတောင်မှ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နေတယ်။ အခြေအနေ ကောင်းမယ်လို့ မျှော်လင့်ပါတယ်”
ပြောသည်။
အမျိုးသား ကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် ရွှေမြင်တင် သဘောတူချက်ကို ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက်နာသည်ကို ရွှေလုပ်သားများက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ကုမ္ပဏီ ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ ပြေလည်မှု တစုံတရာ မရရှိသည့်အတွက် မိုင် ၂၇ဝ ခန့် ကွာဝေးသည့် နေပြည်တော်သို့ အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ရ ဦး ပါဝင်သည့် ရွှေလုပ်သား ရ၆ ဦးတို့က လမ်းလျှောက် ချီတက်ခဲ့ကြသည်။
နေပြည်တော် ရောက်ရန် မိုင် ၃ဝ ခန့်အလို တောင်ငူခရိုင်၊ ရေနီစက္ကူစက် လမ်းဆုံအရောက်တွင် ခေါင်းဆောင်များကို ရဲများက ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ကျန်သည့် ရွှေလုပ်သားများမှာလည်း ရေနီမြို့တွင် လေးရက်ကြာ ပိတ်မိနေခဲ့သည်။
ခေါင်းဆောင်များ ဖမ်းဆီးခံရသော်လည်း ဆက်လက်ချီတက်လိုသည့် ရွှေလုပ်သားများသည် လုံခြုံရေး ထူထပ်စွာ ချထားခြင်းနှင့် စားဝတ်နေရေး အခက်အခဲကြောင့် ရှေ့မတိုးသာဘဲ အစိုးရဘက်မှ တာဝန်ရှိသူများ ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရပြီး ရမည်းသင်းသို့ ပို့ဆောင်ခံရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွှေလုပ်သားများနှင့် ကုမ္ပဏီ ကိုယ်စားလှယ်များ ရမည်းသင်းတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းရာ သဘောတူချက် တစုံတရာ မရရှိပေ။ ဆန္ဒပြ ရွှေလုပ်သား ရ၆ ဦးကို မိုးထိမိုးမိတောင်ပေါ်သို့ ပြန်လည် တက်ရောက်လုပ်ကိုင်ခွင့် မပြုတော့ဘဲ လူစုခွဲခံရသည်။
နေ့ရက် အတိအကျ သတ်မှတ်ထားခြင်း မရှိသည့် ကုမ္ပဏီနှင့် ဆက်လက်ညှိနှိုင်းမည့် ရက်ကို ရွှေလုပ်သား များက အခက်အခဲများစွာနှင့် စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟုလည်း ရွှေလုပ်သားများက မဇ္စျိမကို ပြောဆိုသည်။