သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုးလုံလေလုံ အားကစားရုံ တွင် ၂၁၀၇ သျှမ်းနှစ်ကူး အထိမ်းအမှတ် အတွက် ဒီဇင်ဘာလ ရ ရက် နေ့က ဖိတ်ခေါ် ကြက်တောင်ရိုက်ပွဲ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။
ထိုုပြိုင်ပွဲတွင် မူစယ်ခရိုင် ကမ္ဘောဇကြက်တောင် ကလပ်နှင့် နမ့်ခမ်းမြို့မှ နမ့်ခမ်းဖောင်ကြက်တောင် ကလပ် တို့မှ ကြက်တောင် ကစားသမား အယောက် ၃၀ ကျော် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
“ကျနော်တို့ပြိုင်ပွဲ ဖြစ်ဖို့အတွက်တော့ နမ့်ခမ်း သျှမ်းစာ/ယဉ် မှ ငွေ ၅ သောင်းကျပ် မတည်ပေးတယ်၊ ဆု ၆ ဆု အတွက် ကျနော်တို့ နမ့်ခမ်းဖောင်ကလပ်က အဖွဲ့ဝင် ၄ ဦး ကတာဝန်ယူပေးတယ်၊ ကျနော်တို့ အသင်းသား တွေ အားလုံးလည်း တတ်နိုင်သလောက် ၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိတော့ ထည့်ဝင်ကြတယ်၊ သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ် အတွက် စုပေါင်းပြီး ကျင်းပခဲ့တဲ့ ပွဲ ဖြစ်တယ်”ဟု ပြိုင်ပွဲ ဖြစ် မြောက်ရေး လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ကြက်တောင်ရိုက်ပြိုင်ပွဲ ကို အကြီးတန်းနှစ်ယောက်တွဲ ၂ ဆု ၊ အငယ်တန်း နှစ် ယောက်တွဲ ၂ ဆု နှင့်လူသစ် တန်း နှစ်ယောက်တွဲ ၂ ဆု ရှိကြပြီး၊ နမ့်ခမ်းအားကစားသမားဘက် မှ ၁၁ ဆု ၊ မူစယ်ဘက်မှ ၁ ဆု သာရရှိခဲ့ ကြောင်း၊ ဆုရရှိသောအားကစား သမားများကို ဒီဇင်ဘာလ ၁၂ ရက် သျှမ်းနှစ်သစ်ကူး ပွဲတော်အတွင်း ဆုများချီးမြင့်ပေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
ကြက်တောင်ရိုက်ပြိုင်ပွဲကို မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိကျင်းပခဲ့ကြောင်း၊ အချိန်မရနိုင်၍ တစ်ယောက်ချင်း (single ) ပြိုင်ပွဲကိုမကျင်းပနိုင်ဘဲ နှစ်ယောက်တွဲ(double ) ပြိုင်ပွဲများသာ ပြုလုပ် ကျင်းပနိုင်ခဲ့ကြောင်းပြောသည်။
“မနှစ်ကနှစ်သစ်ကူးမှာ ကျနော်ကြက်တောင်ရိုက်တာ လည်းဆုရခဲ့တယ်။ ဒါပေမဲ့ စင်မြင့် ပေါ် တက် ပြီး ဆုယူဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် ပွဲတော်မဖြစ်မြောက်ခဲ့ပဲ ဆု တက်မယူနိုင်ခဲ့ပါဘူး၊ ဒီနှစ် ပြိုင်ပွဲမှာ ဆု ထပ်ရတော့ စင်မြင့်ပေါ် ဆုတက်ယူရမှာဖြစ်တဲ့အတွက် စိတ်တွေအတော်လှုပ်ရှားပြီး ၀မ်းသာနေပါ တယ်”ဟု နမ့်ခမ်း ဖောင်ကြက်တောင်ကလပ်မှ လူငယ် တစ် ဦးက ပြောသည်။
နှစ်စဉ်နှစ်တိုင်း သျှမ်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် နမ့်ခမ်းသျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြက်တောင် ရိုက်ပြိုင်ပွဲ အပြင် ကလပ်ပေါင်းစုံဘောလုံးဒိုင်း၊ တင်းနစ် နှင့်စားပွဲတင် တင်းနစ် ပြိုင်ပွဲ များကို ကျင်းပ ပေးလေ့ရှိကြောင်း၊ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နမ့်ခမ်းမြို့ရှိ နောင်စန့်ကုန်းအနီး ပန်လိမ်ပျံ (အင်္ဂလိပ်ခေတ်က လေယာဉ်ကွင်း) တွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။