ပြည်နယ်၊ တိုင်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံသား လုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါ ခေါ်ယူကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ တင်ဒါခေါ်ယူရေးအဖွဲ့က ဆိုသည်။
“စံပြအိမ်ရာက ကျေးလက်ဒေသက ဆင်းရဲတဲ့ ပြည်သူတွေအတွက် လုပ်ပေးတာပါ။ တိုင်းဒေသကြီး အစိုးရက စာရင်းယူပြီး လိုအပ်တဲ့နေရာတွေကို နိုင်ငံတော်က ဘတ်ဂျက် ချပေးတာနဲ့ လုပ်ပေးရတာပါ။ မီးကလည်း
တောင်းဆိုတဲ့ ကျေးရွာတွေအတွက် လုပ်ပေးတာပါ။ ဆိုလာစနစ်က ပိုများပါတယ်” ဟု ညွှန်ကြားရေးမှူး
ဒေါ်ကြူကြူခင် က မဇ္စျိမကို ပြောသည်။
ကျေးလက်ဒေသ အချို့တွင် ပျက်စီးနေသော အိမ်များ ပြန်လည် မပြုပြင်၊ မဆောက်နိုင်သော ဒေသများကို
ကျေးလက် စံပြအိမ်ရာများ ပြန်လည် တည်ဆောက်ပေးခြင်းဖြစ်ပြီး မီးလိုအပ်သော နေရာများတွင်လည်း မီးရရှိစေရန်အတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ဒေါ်ကြူကြူခင် က ပြောသည်။
တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဒီဇင်ဘာလ ရ ရက်နေ့မှ စတင်ရောင်းချပြီး တင်ဒါကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်သည်။ တင်ဒါ တင်သွင်းလိုသူသည် သက်ဆိုင်ရာ လုပ်ငန်း
အတွက် သတ်မှတ်ထားသည့် တင်ဒါ အာမခံကြေး ပေးသွင်းပြီးမှ သတ်မှတ် ပုံစံ တင်သွင်းရမည် ဖြစ်သည်။ လုပ်ငန်း တခုထက် မက တင်သွင်းလိုပါကလည်း တင်ဒါအာမခံကြေးကို တခုချင်းစီ ပေးသွင်းပြီး တင်ဒါကိုလည်း တခုချင်းစီ တင်ရမညဟု သိရသည်။
ဒေါ်ကြူကြူခင်က “တင်ဒါကိုု ရွေးချယ်တာက တင်ဒါ စီစစ်ရေးအဖွဲ့ ရှိပါတယ်။ သူတို့က ရွေးချယ်မှာပါ။ ၂၀ ရက်နောက်ဆုံး တင်ဒါ တင်ပြီးတာနဲ့ လူကြီးတွေက စီစစ်ရွေးချယ်ဖို့ လုပ်မှာပါ” ဟု ပြောသည်။
အိမ်သုံး ဆိုလာစနစ်ကို နေပြည်တော် မှအပ ပြည်နယ်နှင့် ၁၄ ခုနှင့် ပအိုဝ့်၊ ပလောင်၊ ဓနု၊ ကိုးကန့်၊ ဝ၊ နာဂ ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုတွင် ဆောင်ရွက်မည် ဖြစ်သည်။
ကျေးလက်စံပြ အိမ်ရာများကို ကချင်နှင့်ချင်းပြည်နယ်တို့တွင် တည်ဆောက်မည်ဖြစ်ပြီး အထက်ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုတွင်လည်း တည်ဆောက်မည်ဖြစ်သည်ဟု သိရသည်။
လုပ်ငန်းလုပ်ကိုင်လို၍ တင်ဒါ တင်သွင်းလိုသူများမှာ ရုံးအမှတ် ၁၄၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တင်သွင်းရမည် ဖြစ်သည်။