ရခိုင် နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုး အညတရ သူရဲကောင်းဆု ချီးမြင့်ခံရ

ရခိုင် နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုး အညတရ သူရဲကောင်းဆု ချီးမြင့်ခံရ
by -
နိရဥ္စရာ

ပခုက္ကူ ထောင်တွင် အကျဉ်းကျနေသော ရခိုင်နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုး(ခေါ်) မဲလုံးကို တခြား လူပုဂ္ဂိုလ် ၄ဦးနှင့် အတူ  အညတရ သူရဲကောင်းဆု ချီးမြင့်လိုက်သည်ဟု သတင်း ရရှိသည်။

အညတရ သူရဲကောင်းဆုကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ချီးမြင့်လိုက်ခြင်းဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားကို အမျိုးသား အောင်ပွဲနေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဒီဇင်္ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည်။

ကိုနိုင်စိုးအတွက် ပေးအပ်သော ဆုအား တက်ရောက် လက်ခံခဲ့သူ ကိုနိုင်စိုးဖခင်က သူ့ခံစားချက်ကို ယခုကဲ့သို့ နိရဥ္စရာသို့ ပြောကြားသည်။

“သားတယောက် အခုလိုဆုရတဲ့ အတွက် ၀မ်းမြောက် ဂုဏ်ယူမိသလို တဘက်မှာလည်း ၀မ်းလည်းနည်း မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးရဲ့သားကို အခုလို ဆုချီးမြင့်တဲ့အချိန်မှာ သူက ထောင်ထဲမှာ၊ ကိုယ်တိုင် တက်ရောက် မယူနိုင်ဘူး။ တခြားလူတွေက စုံစုံလင်လင် ကိုယ်တိုင်ကိုယ်ကျ တက်ယူကြတယ်။ အဲဒါတွေက ဦးလေးကို ၀မ်းနည်းစရာတွေ ဖြစ်စေပါတယ်” ဟု ဆိုသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဆရာမောင်ဝံသ အပါအဝင် နိုင်ငံရေးသမား များနှင့် လူပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် နှစ်ရှည်နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား အများအပြားကို တခေါက်ပြီး တခေါက် လွှတ်ငြိမ်းချမ်းသားခွင့် ပေးကာ လွှတ်ပေးနေသော်လည်း သူ့သား အနေဖြင့် ပါ၀င် လွတ်မြောက်လာခြင်း မရှိသည့်အပေါ်မှာလည်း စိတ်မကောင်း ဖြစ်မိသည်ဟု သူက ဆက်ပြောသည်။

“အစိုးရ အနေနဲ့ ဦးလေးသားကို ရခိုင်ပြည်နယ်က နိုင်ငံရေး လှုပ်ရှားမှုတိုင်းကို ဦးဆောင်ပြီး လူပ်ရှားတဲ့ ခေါင်းဆောင် တယောက်လိုမျိုး မြင်နေတယ်လို့ ဦးလေးက ထင်တယ်။ ဒါကြောင့် လွှတ်ပေးလိုစိတ် မရှိ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အခု ပြောင်းလဲလာတဲ့ အရပ်သား အစိုးရ၊  ဒီမိုကရေစီ အစိုးရ လက်ထက်မှာ တချိန်က စစ်အစိုးရ ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးသင့်ပါတယ်။ အခုလိုအစိုးရက စနစ်တွေ ပြောင်း၊ မူဝါဒတွေပြောင်းပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေချိန်မှာ  တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အလေးထားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်တယ်လို့ မြင်မိပါတယ်” ဟု ဆိုသည်။

ကိုနိုင်စိုးနှင့်အတူ အညတြရ သူရဲကောင်းဆု ဆုချီးမြင့်ခံရသူများမှာ ၁။  ကိုနိုင်စိုး( ပခုက္ကူ ) ၂။  ဦးစိုးမြင့် ၃။ အောင်သီဟ ၄။ သိန်းထိုက်အောင် ( ကွယ်လွန် ) ၅။ မဖြူ( ခ) မချောစုလှိုင် တို့ဖြစ်ကြသည်။ ဆုငွေ အဖြစ် ကျပ် ၁၀ သိန်းနှင့် အညတရ သူရဲကောင်းဆု ကော်မတီ အမှတ်တံဆိပ်တို့ကို ချီးမြှင့်ခဲ့သည်။

ကိုနိုင်စိုးအား ၂၀၀၉ ခုနှစ် အတွင်းတွင် တခြား ရခိုင်လူငယ် ၁၀ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ပြည်ပ အခြေစိုက် ရခိုင် ကျောင်းသားနှင့် လူငယ်များ ကွန်ဂရက် AASYC နှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှု၊ အသင်းအဖွဲ့ပုဒ်မ စသည်တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

အကျဉ်းကျခံထားရဆဲဖြစ်သော ကိုနိုင်စိုးအပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို အစိုးရသစ် အနေဖြင့် လွတ်ပေးသင့်ကြောင်း ရခိုင်လူငယ် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခိုင်ကျော်မိုးက ပြောသည်။

“ကိုနိုင်စိုးကို အခုလို ဆုချီးမြင့်တဲ့ အတွက် ၀မ်းသာပါတယ်။ အခုလို လုပ်ခြင်းဟာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ကျန်ရှိနေသေးတယ်ဆိုတာကို မီးမောင်းထိုး ဖော်ပြရာလည်း ရောက်တယ်။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ မလွှတ်သေးဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်အစိုးရ ခေတ်က ဖမ်းဆီးခံထားရသူတွေဖြစ်ကြတယ်။ ဒီတော့ အခု ဒီမိုကရေစီ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုရင် ဒီကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးသင့်ပါတယ်” ဟု ဆိုသည်။

ကိုနိုင်စိုးမှာ စစ်ကြောရေးဒဏ်များကြောင့် ခါးရိုး၊ ဒူးဆစ်များမှာ နာကြင်သည့်ဝေဒနာ ခံစားနေရပြီး မျက်လုံးများမှာလည်း ကောင်းစွာ မမြင်ရကြောင်း များမကြာမှီ လပိုင်းက သွားရောက် တွေ့ဆုံ ခဲ့သည့် သူ့ဖခင် က ပြောသည်။

Most read this week