လေယာဉ်ဟောင်းများကို Embraer 190 လေယာဉ်သစ်များဖြင့် အစားထိုးမည်

လေယာဉ်ဟောင်းများကို Embraer 190 လေယာဉ်သစ်များဖြင့် အစားထိုးမည်
by -
မဇ္စျိမ

မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်ဟောင်းများ နေရာတွင် ဘရာဇီးနိုင်ငံထုတ် Embraer 190 လေယာဉ်သစ်များဖြင့် အစားထိုး ပျံသန်း ပြေးဆွဲသွားမည် ဖြစ်သည်။

a

“လေယာဉ်Embraer 190 ပထမအစင်းက ဒီဇင်ဘာ ၁၂ ရက်နေ့လောက် ရောက်ပါမယ်။ လေယာဉ်ပျံသန်း ရတဲ့ခရီး ရှည်တာရယ်၊ ရာသီဥတု အခြေအနေပေါ်မှာ မူတည်ပြီး ရက်အပြောင်းအရွှေ့ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒုတိယအစင်းက ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ပထမ အပတ်လောက် ရောက်မယ်လို့ ခန့်မှန်းပါတယ်” ဟု မြန်မာ့ လေကြောင်းမှ အထွေထွေ မန်နေဂျာ ဦးသန်းထွဋ် က ပြောသည်။

ယင်းလေယာဉ်သစ်များမှာ ဘရာဇီးနိုင်ငံ၊ São José dos Campos မြို့ရှိ Embarer 190 လေယာဉ်ကုမ္မဏီမှ ထုတ်လုပ် ပြီး အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှထုတ်လုပ်သော GE-CF;34-8E အင်ဂျင်စက်များကို တပ်ဆင်အသုံးပြုထားသည်။ ခရီးသည် ၁ဝဝ တင်ဆောင်နိုင်ပြီး လေယာဉ် အင်ဂျင်စွမ်းရည် ပိုမိုကောင်းမွန်သည်။

ထို့အပြင် Air Bus-A320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန် နေရာ ကျယ်ဝန်းခြင်း၊ အခြားသော Regional Jet ထက် သာလွန်ကောင်းမွန်ခြင်း၊ လေယာဉ်ပျံသန်းမှုသမိုင်းတ လျှောက်တွင် မတော်တဆထိခိုက်မှု တကြိမ်တည်းသာ ဖြစ်ခဲ့ခြင်းစသည့် အားသာချက်များရှိသည်။ တစင်းလျှင် အမေရိကန်ဒေါ်လာ ၂၈.၅ သန်းမှ သန်း ၄ဝ အထိစျေးနှုန်းရှိသည်။

“Embarer 190 လေယာဉ် နှစ်စီးကို အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ပြည်တွင်းရှိ Fokker F- 28
လေယာဉ် ဆင်းသက်သည့် လေဆိပ်များသို့ ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်။ အရင်လေယာဉ်တွေအတိုင်း လက်မှတ် နှုန်းထက်စာရင် လေယာဉ်က အသစ်ဖြစ်နေတာရယ်၊ လေယာဉ်ငှားရမ်းမူအတွက် ကုန်ကျစရိတ် များတာရယ်ကြောင့် လေယာဉ်လက်မှတ် နှုန်းထားကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်” ဟု ဦးသန်းထွဋ် က ဆက်လက်ပြောကြားသည်။

လက်ရှိ မြန်မာ့လေကြောင်းလိုင်းတွင် F-28၊ ATR၊ MA-60၊ Bech 1900 စသည့် လေယာဉ် လေးမျိုးဖြင့် ပျံသန်းပြေးဆွဲ လျက်ရှိရာ F-28 လေယာဉ်များမှာ သက်တမ်း ရင့်လာပြီဖြစ်၍ ထိုသို့ အစားထိုး ပြေးဆွဲနိုင်ရန် လေယာဉ်သစ်များကို အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ငှားရမ်း အသုံးပြုခဲ့ကြောင်း သိရသည်။

Most read this week