ရခိုင်ရှိ လယ်ယာမြေ သိမ်းယူမူ ၁၄ ခုကို လွှတ်တော် ကော်မရှင်မှ စစ်ဆေး

ရခိုင်ရှိ လယ်ယာမြေ သိမ်းယူမူ ၁၄ ခုကို လွှတ်တော် ကော်မရှင်မှ စစ်ဆေး
by -
နိရဥ္စရာ

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော မြေယာမြေ စုံစမ်းရေး ကော်မရှင်သည် ဒုတိယအကြိမ် မြောက် ရခိုင်ပြည်နယ်တွင် အသိမ်းခံထားရသော လယ်မြေများကို ကွင်းဆင်း စစ်ဆေးနေပြီ ဖြစ်သည်။

“မနေ့က ကျွန်တော်တို့ စစ်ဆေးတာက ကျောက်ဖြူမြို့နယ်က လယ်မြေအမူ ရ မူ ဖြစ်ပါတယ်။ အဲဒီ အမူတွေထဲမှာ ထောက်လှမ်းရေး၊ ခမရ ၅၄၂ နဲ့ ဓညဝတီ ရေတပ်စခန်းက သိမ်းထားတဲ့ လယ်မြေတွေ ပါ၀င် သလို မဒေးကျွန်းမှာ လုပ်ငန်းရှင်တွေက ဂရမ်ဖေါက်ပြီး သိမ်းယူသွားတဲ့ လယ်မြေတွေ ပါ၀င်ပါတယ်။ ကျောက်ဖြူက ပီးရင် သံတွဲက ၄ မူနဲ့ ဂွမြို့နယ်က ၃ မူကို ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဒီတခေါက် စစ်ဆေးမှာက ၁၄ မူ ဖြစ်ပါတယ်” ဟု ကော်မရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်သူ မြေပုံမြို့နယ်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ယခု ရခိုင်ပြည်နယ်သို့ လာရောက် စစ်ဆေးသော လယ်မြေနှင့် တခြားမြေများ စစ်ဆေးရေး အဖွဲ့မှာ အဖွဲ့ခွဲ အမှတ် (၈) ဖြစ်ပြီး ခေါင်းဆောင် အဖြစ် ဗိုလ်မှူးကြီး စောရွှေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအုံးတင်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်နှင့် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းတို့ ပါ၀င်သည်။

“ကျွန်တော်တို့က မနေ့က စစ်ဆေးတဲ့နေရာမှာ မဒေးကျွန်းကို ရောက်ပါတယ်။  မဒေးကျွန်းမှာ ဖြစ်တာက လယ်သမားတွေ သူတို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ မြေတွေကို လုပ်ငန်းရှင်တွေက မြေစာရင်းဌာနမှာ ဂရမ်ခံ ဦးပိုင်ဖေါက်ပြီး သိမ်းယူသွားတဲ့ အတွက် လယ်မြေတွေ ဆုံးရှံုးသွားတာတွေ ရှိသလို တချို့ဆိုရင် လယ်မြေတွေကို တရုတ် ရွှေသဘာဝ စီမံကိန်းက သိမ်းယူသွားပေမယ့် ပိုက်ဆံ တပြားမှ မရလိုက်တဲ့ လယ်သမားတွေလည်း ပါ၀င်ပါတယ်။ ဒါကို နစ်နာတဲ့ လယ်သမားတွေက လွှတ်တော်ထိ တက်ရောက် တိုင်ကြားတဲ့ အမူတွေလည်း ပါ၀င်တယ်” ဟု သူက ဆိုသည်။

စစ်တပ်က သိမ်းယူရာတွင် ပြည်ထဲရေး ၀န်ကြီးဌာန အမိန့်ဖြင့် တဧကကို လျော်ကြေးငွေ ၁၂ ကျပ်ပေးပြီး သိမ်းယူသွားသော လယ်မြေများ ပါ၀င်သည်ဟု ဆိုသည်။ ကျောက်ဖြူ မြို့ပေါ်တွင် ထောက်လှမ်းရေးက သိမ်းယူထားသော မြေများကိုလည်း စစ်ဆေးခဲ့သည်ဟု ပြောသည်။

ယခင်နှစ်များက အသိမ်းခံရသော လယ်မြေများကို လယ်သမားများကို ပြန်ပြီး သီးစားချပေးခဲ့သော်လည်း ယခုနှစ်တွင် သီးစား ပြန်ချပေးခြင်း မရှိတော့သဖြင့် လယ်သိမ်းခံရသော ကျောက်ဖြူမြို့နယ်မှ လယ်သမား များမှာ အထူး ထိခိုက်နစ်နေကြောင်း သိရသည်။

လွှတ်တော် ကော်မရှင်သည် ပထမ တစ်ကြိမ် လယ်မြေသိမ်းယူမူ စစ်ဆေးခြင်းကို ရခိုင်ပြည်နယ် မြို့နယ် (၄) ခုတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ မြို့နယ်များမှာ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့တွင် ဖြစ်ကြောင်း သိရသည်။ ယခု စစ်ဆေးမူမှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။

လွှတ်တော် စုံစမ်းရေးကော်မရှင် အနေဖြင့် သိမ်းယူသွားသော လယ်မြေများကို စုံစမ်း စစ်ဆေးပြီးနောက် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည် ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က စစ်ဆေး တွေ့ရှိချက်များကို နိုင်ငံတော် အစိုးရသို့ ပြန်လည် ပို့ဆောင်မည်ဟု ဆိုသည်။ နိုင်ငံတော် အစိုးရကသာ နောက်ဆုံး ဆုံးဖြတ်ချက် ကို  ချပေးမည် ဖြစ်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။

Most read this week