လက်ပံတောင်း ကြေးနီမြေ ဒေသခံ ရွာနှစ်ရွာမှ ဆန္ဒပြ

လက်ပံတောင်း ကြေးနီမြေ ဒေသခံ ရွာနှစ်ရွာမှ ဆန္ဒပြ
by -
မဇ္စျိမ

ချင်းတွင်းမြစ်၏ အနောက်ဖက်ကမ်းမှ လက်ပံတောင်း ဒေသခံ ရွာနှစ်ရွာ ဖြစ်သည့် ကျံုရွာနှင့် ဆည်တည်း ရွာတို့မှ လူအင်အား ၃၀၀ ခန့်သည် ဒီဇင်ဘာလ ၈ ရက်၊ အမျိုးသားနေ့ ညနေပိုင်းတွင် ညောင်ပင်ကြီး ဆိပ်ကမ်း သောင်ပြင်၌ ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ကြကြောင်း ပွင့်လင်းမုံရွာ လူ့အဖွဲ့ အစည်းမှ မီဒီယာ တာဝန်ခံ ကိုသက်ဆွေအေး က ပြောသည်။

“ဒီနေ့ အနောက်ဘက် ကမ်းမှာပေါ့။ ညနေ ၄ နာရီ ကျော်ကျော် လောက်ပေါ့။ အဲဒီ ရွာနှစ်ရွာက ပြည်သူတွေ
နှစ်ယောက်တတွဲ စီတန်းပြီး ထွက်လာတယ်။ အဲကနေပြီးတော့ ညောင်ပင်ကြီး ရွာကို လာတယ်ဗျာ။ ညောင်ပင်ကြီး ကမ်းဆိပ်အထိ လမ်းလျှောက်ပြီး လာတယ်။ နည်းနည်းတော့ ဝေးတယ်။ ကြွှေးကြော်သံတွေ အော်ပြီးတော့ ဆန္ဒပြကြတယ်” ဟု မဇ္စျိမကို ပြောသည်။

လက်ပံတောင်း ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး၊ တရားဥပဒေ စိုးမိုးရေး စသည့် ကြွှေးကြော်သံများဖြင့် လမ်းတလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။

“သောင်ပြင်အထိ ဆင်းပြီးတော့ မုံရွာဖက်ကမ်းကို ကြည့်ပြီးတော့ ကြွှေးကြော်သံတွေ အော်ပြီးတော့ ပြတယ်။ ဆန္ဒပြတာကတော့ ညနေ ၅ နာရီ အထိလောက် ဖြစ်ခဲ့ပါတယ်” ဟု ကိုသက်ဆွေအေး ကပြောသည်။

ရန်ကုန်၊ မန္တလေး၊ မုံရွာများတွင်လည်း နိုဝင်ဘာလ ၂၉ လက်ပန်းတောင်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်း ခံရခြင်းအပေါ် မကျေနပ်ခြင်းနှင့် ထိုမှဆင့်ပွား ဖြစ်ပွားလာသည့် ဆန္ဒပြမှုကြောင့် အဖမ်းဆီးခံရသူများ လွှတ်ပေးရေးအတွက် သံဃာတော်များနှင့် ပြည်သူများက ဆန္ဒပြပွဲများ ဖြစ်ပေါ် ခဲ့ပါသည်။

ဆန္ဒပြသူများက ၎င်းတို့၏ တောင်းဆိုချက်များ အကောင်အထည် မဖော်ပါက ဒီဇင်္ဘာလ ၁၂ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ထပ်မံ၍ သပိတ် ဆက်လက်ဆင်နွှဲရန် ရှိသည်ဟု မီဒီယာများအား ပြောကြားထားသည်။

Most read this week