ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင် ခရီးစဉ်နှင့် အမှားပြင်ဆင်ချက်

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင် ခရီးစဉ်နှင့် အမှားပြင်ဆင်ချက်
by -
နိရဥ္စရာ

ရခိုင်ပြည် နယ် စစ်တွေမြို့သို့  ဒီဇင်ဘာလ ( ရ ) က် နံနက် ၁၀  နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသော နိုင်ငံတော် သမ္မတနှင့့် သံတမန်များသည် စစ်တွေမြို့မှ တဆင့်  မင်းပြားနှင့် မောင်တောသို့ သွားရောက် ခဲ့သည်ဟု သိရသည်။

Vice-President-Dr-Sai-Mauk-Kham

“သူတို့က ရဟတ်ယာဉ် သုံးစီးနဲ့ မင်းပြားမြို့နယ် စမ်းဘလေ ရွာကို လာပါတယ်။ အဲဒီမှာ ဆန်အိတ် ၅၀ ပေးတယ်။ မမန်း ခေါက်ဆွဲ ထုတ်တွေလည်း ပေးပါတယ်။ သင့်သင့်မြတ်မြတ် နေကြဖို့။ ပြဿနာတွေ ထပ်မဖြစ်အောင် နေထိုင်ကြဖို့ မွတ်ဆလင် ခေါင်းဆောင်တွေကို ပြောတာ တွေ့ရပါတယ်” ဟု အဆိုပါ ရွာသို့ သွားရောက်ခဲ့သူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပြည်နယ် လွွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။

ဦးသာကျော်မှ ဒု သမ္မတ စိုင်းမောက်ခမ်းနှင့် အတူ လူပေါင်း ၅၀ ခန့်ပါ၀င်ပြီး ထိုအထဲတွင် နိုင်ငံခြား သံတမန် အများအပြား ပါ၀င်သည်ဟု ဆိုသည်။

စမ်းဘလေ မွတ်ဆလင်ရွာသည် အိမ်ခြေပေါင်း ၂၀၀ ကျော်ရှိပြီး  အောက်တိုဘာလ ပဋိပက္ခအတွင်း  အိမ်ခြေ ၁၀၀ ကျော် မီးရှို့ခံခဲ့ရသည်။ အချို့ပါကျေးရွာမှ ရွာသား တချို့သည် လွန်ခဲ့သော တပတ်ကျော်က ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးမောင်သိန်းနုကို ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး မင်းပြား ဆေးရုံတင်ထားရသည်။

ဒုတိယ သမ္မတ ခရီးစဉ်နှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ယိုင်သည် မွတ်ဆလင်ရွာကို ဆက်လက် မေးမြန်းရာ ရွာသား တစ်ဦး ဖြစ်သူ ဦးစိုးနိုင်ထွန်းက ယခုလို ပြောသည်။

“ကျွန်တော်တို့ရွာကိုတော့ မရောက်ဘူး။ ရဟတ်ယာဉ်တွေ ပျံတာတော့ ကြားရပါတယ်။ ကျွန်တော်တို့ ရွာကိုတော့ မလာပါဘူး” ဟု ပြောဆိုသည်။

ဒုတိယ သမ္မတနှင့် နိုင်ငံခြား သံတမန်များသည် ယမန်နေ့က မောင်တောမြို့နယ် ရွှေရင်အေးနှင့် မောရဝတီ ကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဒေါက်တာစိုင်းမောက်ခမ်း နှင့်မြန်မာနိုင်ငံ ရဲချူပ် ဦးကျော်ကျော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မှ ၀န်ကြီး ဦးခင်ရီ အပါအဝင် မြန်မာနိုင်ငံ သံတမန်ကိုယ်စားလှယ်များလည်း  ပါ၀င်သည်ဟု သိရသည်။

(ယမန်နေ့က နိရဥ္စရာက ဖေါ်ပြသော သတင်းတွင် ဒုသမ္မတသည် စစ်တွေမှ မြေပုံသို့ ထွက်ခွာသွားသည်ဟု  မှားယွင်း ဖေါ်ပြပါရှိသွားပါသည်။ အမှန်မှာ ဒုသမ္မတသည် ယမန်နေ့က မြေပုံမြို့ကို လာရောက်ခဲ့ခြင်း မရှိဘဲ မင်းပြားကို သာ လာရောက်ခဲ့သည်ဟု သိရပါသည်။)

Most read this week