ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီ မြစ်ဆုံအနီးရှိ တန်ဖဲကျေးရွာသား ဦးလရှီလနူးအား အစိုးရ၏ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များကရိုက်နှက်ခဲ့ကြောင်း တန်ဖရဲကျေးရွာသား တဦးကပြော သည်။
သောကြာနေ့ ည ၈ နာရီချိန်တွင် အသက် ၃၀ ကျော်အရွယ် ဦးလရှီလနူးသည် ကွယ်လွန်သူ တန်ဖဲကျေးရွာ သား ဦးရှိန်ရိုင် ဇော်တောင်၏ တနှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲမှ၍ အပြန် မြစ်ဆုံလမ်းခွဲတွင် ထိုးကြိတ် ရိုက်နက်ခံခဲ့ရကြောင်း ဒေသခံ တဦးက ပြောသည်။
“မနေ့ည ဆုတောင်းပွဲတခု ရှိတယ်။ အဲဒီကနေ အပြန်မှာ မြစ်ဆုံနဲ့ ဆွမ်ပရာဘွမ်တက်တဲ့ လမ်းခွဲမှာ သူ့အိမ်ရှေ့
အရောက် စစ်သားတွေက သူ့ကို စစ်ဆေးမေးမြန်းတယ်။ သူက စိတ် သိပ်မူမမှန်ဘူး။ ဘယ်လို ပြောလိုက် တာလဲ မသိဘူး။ သူ့ကို ရိုက်နက် ထိုးကြိတ်တာ သတိတောင်မရဘူး” ဟု တန်ဖဲ ရွာသားတဦးက ပြောသည်။
ဦးလရှီလနှုးသည် ဦးခေါင်းနှင့် မျက်နှာတွင် ရိုက်နှက်ခံရမှုကြောင့် သွေးထွက်သံယိုမှု များပြားသဖြင့် သတိမဲ့ ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ဆေးကုသရန် ပြောဆိုသော်လည်း ကံယံကံရှင်မှာ ကယောင်ခြောက်ခြား ဖြစ်နေသည်ဟု သိရသည်။
“သူက ဗမာစကားရေရေလည်လည် မပြောတတ်ဘူး။ သေနတ်နဲ့ ထုထားတော့ ခေါင်းမှာ အရမ်းဆိုးတယ်။ ပါးနဲ့ မျက်ခုံး နှစ်နေရာမှာ ပေါက်ပြဲနေတယ်။ သွေးတွေချည်းပဲ။ အဲဒီစစ်သားတွေက ဓါတ်ပုံတွေ ရိုက်ထား တယ်” ဟု မဇ္စျိမကို ပြောသည်။
ဦးလရှီလနူးသည် အောင်မြင်သာကျေးရွာတွင် နေထိုင်ပြီး တန်ဖဲကျေးရွာသို့ တောင်ယာ လုပ်ကိုင်ရန် သွား ရောက် နေထိုင်နေသူ ဖြစ်သည်။ စနေနေ့ ညနေပိုင်းတွင် သူ၏ မိသားစုနှင့် မိတ်ဆွေများကအောင်မြင်သာ ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးရုံးသို့ စာတင်ရန် စီစဉ်နေသည်ဟု ထိုဒေသခံက ပြောသည်။
အောင်မြင်သာကျေးရွာ ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးလရမ်က “ကျနော်မြစ်ကြီးနား ရောက်နေလို့ အသေးစိတ် မသိသေးဘူး။ နယ်မြေမှူးတွေက ဓါတ်ပုံတွေတော့ ရိုက်ထားတယ်လို့ ပြောတယ်။ ရိုက်ခံရတဲ့ လူက နည်းနည်း ကြောင်နေတယ်။ သူ စကားပြောမှားတာလား ဘာလား မသိဘူး” ဟု မဇ္စျိမကို ပြောသည်။