ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA ) လှုပ်ရှားရာ ဒေသတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ငယ်လေးများ ပြန်လည်ဖြစ်ပွား လာပြီး တိုက်ပွဲပိုမို ပြင်းထန်လာဖွယ် ရှိကြောင်း TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာဘုန်းကျော်က ပြောသည်။
“တိုက်ပွဲ မဖြစ်တာ (၅) ရက်လောက် ငြိမ်နေရာကနေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။ ပြောက်ကျား ပွဲလေးတွေပါ။ ဒီနေ့မှာလည်း ကွတ်ခိုင်နဲ့ မိုင်းပေါ်ကြားက ပန်းခတ်ပေါင်ဖက်မှာ တကြိမ်နဲ့ နမ်းဆန်းမြို့နယ်က ပန်လုံကျေးရွာ ဖက်မှာ တကြိမ် ပစ်ခတ်ကြပါတယ်။ တနေ့ကလည်း ၂ ကြိမ် ဖြစ်တယ်။ ဒီတော့ သဘောက သူတို့ဘက်က လှုပ်ရှားလာရင် ကျနော်တို့ ဘက်က ပြောက်ကျားနဲ့ ပစ်မယ်ဆိုတဲ့ အစီအစဉ်ပါ။ ဒါပေမယ့် သူတို့ကလည်း စစ်အင်အားကို တဖြည်းဖြည်းနဲ့ တိုးချဲ့ ချထားလာ နေတယ်။ ကျနော်တို့ကို တိုက်ဖို့ လိုက်လံ နေရာယူ နေတာဖြစ်ပါတယ်။” ဟု ဆိုသည်။
နမ့်ဆန်မြို့နယ်တွင် ခြေလျင်တပ်ရင်း ခလရ (၁၃၀)၊ ခလရ (၁၄၄)၊ ခလရ (၁၁၅)နဲ့ ခြေမြန် တပ်ရင်း ခမရ (၅၀၁) တပ်ဖွဲ့တို့ လှုပ်ရှားနေသလို မန်တုံမြို့နယ်၌ ခမရ (၅၀၂) အပါ၀င်၊ ခလရ (၂၃)၊ အောင်လံ အခြေစိုက် ခလရ (၇၁)၊ မန္တလေး အခြေစိုက် ခလရ (၉၅) တပ်ဖွဲ့များ လှုပ်ရှား နေကြောင်း သိရပြီး တပ်ရင်းတရင်းလျင် တိုက်ခိုက်ရေးအင်အား (၁၀၀) ကျော် ပါ၀င်ကြောင်း TNLA ဖက်က ဆိုသည်။
ဒေသတွင်း အင်အား တိုးချဲ့မှုများ ရှိနေသလို စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ရာနိုက် ပြောက်ကျား စံနစ်ကို ကျင့်သုံးလာကြောင်းနှင့် နယ်မြေ လေ့လာရေးလုပ်ငန်းများအား အရပ်သား ပုံသဏ္ဍာန်ဖြင့် လုပ်ဆောင်ကြ ကြောင်း ဗိုလ်မှူး တာဘုန်းကျော်က ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာာ ၂၂ ရက်နေ့က လားရှိုးမြို့ အခြေစိုက် အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ အစိုးရစစ်ကား အစီး (၅၀) မူဆယ်မြို့ ၁၀၅ မိုင် (ကုန်သွယ်ရေးဇုံ) ဘက်သို့ ချီတက်ခဲ့ပြီး နို၀င်ဘာ (၂၄) ရက်နေ့က ကြူကုတ် ပန်ဆိုင်းသို့ စစ်ကား (၅) စီးထွက်ခွာသွားသလို နမ့်ခမ်းမြို့ဘက်သို့ စစ်ကား (၅) စီး အပြင် မြောက်တင် သံချပ်ကာကား (၁) စီး ရောက်ရှိလာကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့က နမ့်ဆန်မြို့သို့ စစ်ကား (၇) စီး ရောက်ရှိလာသော်လည်း မည်သည့် တပ်ရင်းများကိုမူ မသိသေးကြောင်း TNLA က ပြောဆိုသည်။
“အစိုးရ တပ်ဖွဲ့ရဲ့ နည်းဗျူဟာ ကတော့ တိုက်ပွဲတွေ ဆင်ဖို့ နယ်မြေလေ့လာ နေတဲ့သဘော ဖြစ်ပါတယ်။ ဒီအကြောင်းကို ကျနော်တို့ ဖမ်းဆီး ရရှိထားတဲ့ အစိုးရ တပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီ အစိုးရ တပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းက ကျနော်တို့ မန်တုံမြို့နယ်မှာ ရှိတဲ့ တပ်ရင်း (၃၆၇) က (၅) ယောက် ဖမ်းဆီး ရမိထားပါတယ်။ ဒီသတင်း ကိုသူတို့ရဲ့ ထွက်ဆိုချက်အရ သိရတာပါ။” ဟု ဗိုလ်မှူးတာဖုန်းကျော်က ဆိုသည်။
ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ကြူကုတ်ပန်ဆိုင်း မြို့နယ်ဖက်၌ လည်း စစ်ဆင်ရေး တိုးမြှင့်လျက်ရှိကြောင်း သိရသည်။
ယင်းဒေသများတွင် TNLA တပ်ဖွဲ့အပြင် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် ရှမ်းပြည် တိုးတက် ရေးပါတီ လက်အောက်ခံ SSPP/ SSA တပ်ဖွဲ့များကလည်း သက်ဆိုင်ရာ ဒေသအလိုက် လှုပ်ရှားနေကြ သဖြင့် တိုက်ပွဲများ ပြင်းထန် လာဖွယ် ရှိကြောင်း ပလောင်တပ်ဖွဲ့က သုံးသပ် ပြောဆိုသည်။