ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဖွံ့ဖြိုးရေးကော်မတီရုံးဖွင့်ပွဲ အခမ်းအနား တရပ်ကို ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့တွင် ဒီနေ့မနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ KNPP အဖွဲ့ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံလူထုတို့ တက်ရောက် ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ အချက်တွေထဲက ဖွံ့ဖြိုးရေး လုပ်ငန်းကို အစိုးရနှင့် KNPP အတူတကွ ဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အပေါ် လက်တွေ့အကောင်အထည် ဖော်ခြင်း ဖြစ်သလို ဒီမော့ဆိုမြို့ဟာ နှစ်ဖက် ခေါင်းဆောင်တွေအတွက် လူထုနဲ့ ထဲထဲဝင်ဝင်ထိတွေ့နိုင်တဲ့ အပြင် အဓိကကျတဲ့ နေရာဖြစ်တယ်လို့ KNPP အတွင်းရေးမှူး(၁) ခူးဦးရယ်က အခန်းအနားဖွင့်ပွဲမှာပြော သွားပါတယ်။
အတွင်းရေးမှူး (၁)ခူးဦးရယ်က "ဘက်စုံပြည်နယ်အစိုးရ လွှတ်တော်တွေသာမကပဲနဲ့ တကယ့်အခြေခံ လူထု အစုအဖွဲ့တွေနဲ့ နေ့တဓူဝ ကျနော်တို့ဆက်စပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ပထမခြေလှမ်းအနေနဲ့ ဒီမှာပဲ အလယ်ဗဟိုကျမယ်လို့ ပိုပြီးတော့ ထဲထဲဝင်ဝင်လုပ်တဲ့အခါမျိုးမှာ ပိုပြီးတော့ လွယ်ကူမယ်လို့ ယုံကြည်ရတဲ့အပေါ်မှာ ဒီးမော့ဆိုမှာ ကျနော်တို့ ဒီဖွံ့ဖြိုးရေးရုံးကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။" လို့ ပြောသွားပါတယ်။
အခန်းအနားကို တက်ရောက်လာတဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတဖွဲ့ဖြစ်တဲ့ ကန္တာရဝတီလူငယ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ကိုတုတူက ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လူထုတွေ အသိအမြင်ဖွံ့ဖြိုးဖို့ အရေးကြီးနေတယ်လို့ အခုလို ပြောပါတယ်။
"လူငယ်အပိုင်းအနေနဲ့ အဓိက ဖွံ့ဖြိုးရေးရဲ့ အမြင်ပေါ့နော် သဘောတရားကို တကယ် ထဲထဲဝင်ဝင် နားလည်ဖို့ လိုအပ်ဆုံးလို့ကျနော်ထင်တယ်။ အခုလောလောဆယ် ဖွံ့ဖြိုးရေးလုပ်နေကြတဲ့ အဖွဲ့အစည်း တွေက အများကြီးပေ့ါနော် ဒါပေမယ့် ကျနော်တို့ဒေသခံတွေက ဖွံ့ဖြိုးရေးဆိုတာ တကယ့်အနစ်သာရကို သိရှိဖို့က အားနည်းတယ်။ ဖွံ့ဖြိုးရေးဆိုတာ သူများရဲ့ပေးကမ်းမှု လှူဒါန်းမှုကိုပဲ မြင်တာပေါ့ တကယ့်ကိုယ့် ဆီက ဘာတွေလုပ်ရမလဲ ကျနော်တို့ရဲ့ တာဝန်ဘယ်လိုအရေးကြီးလဲဆိုတာ သိဖို့က ပိုပြီးတော့အရေးကြီး တယ်လို့မြင်ပါတယ်။ အရေးကြီးဆုံးက ကျနော်တို့ရဲ့ စိတ်ဓာတ်ရေးဆိုင်ရာကို ပိုပြီးဖွံ့ဖြိုးအောင်လုပ်ဆောင် သင့်တယ်လို့ ကျနော်မြင်ပါတယ်"
KNPP ဖွံ့ဖြိုးရေးကော်မတီရုံးမှ ပြည်ထဲရေးဒုဝန်ကြီး ဦးခဲလေကလည်း " ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတော့နိုင်ငံ တဝန်း လုံးမှာ အထူးသဖြင့် ကျနော်တို့ပြည်နယ်မှာက တအားလိုအပ်တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းကို ကျနော်တို့အကွက်ကျကျ လုပ်ဆောင်သွားနိုင်ဖို့ ကျနော်တို့က တခြား CBO တွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်။ လုပ်ငန်းကို အကောင်အထည် ဖော်တဲ့နေရာမှာကလည်း ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တတ်နိုင်သလောက် ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ချက်ချ ပြီးတော့မှ အကောင်အထည်ဖော်သွားမယ်။" လို့ ပြောပါတယ်။
KNPP နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲပြီးနောက် ပြည်တွင်းတွင် KNPP ဆက်ဆံရေးရုံးအပါအဝင် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုပြီး ကော်မတီနှစ်ခုဖြင့် ရုံးခန်းများဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။