သျှမ်းသမိုင်းဆိုင်ရာ စာပေဟောပြောပွဲသို့ နိုင်ငံတကာ ပညာရှင်များ လာရောက်ဟောပြောမည်

သျှမ်းသမိုင်းဆိုင်ရာ စာပေဟောပြောပွဲသို့ နိုင်ငံတကာ ပညာရှင်များ လာရောက်ဟောပြောမည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ၂၁၀၇ ခု ရိုးရာနှစ်သစ်ကူး အထူးပွဲတော်နှင့်အတူ ကျင်းပမည့် သျှမ်းလူမျိုး များ စာပေ ဓလေ့ သမိုင်းဆိုင်ရာ စပေဟောပြောပွဲသို့ ထိုင်း၊ ဂျပန် နှင့် အန္ဒိယနိုင်ငံတို့မှ သျှမ်းအရေးကျွမ်း ကျင်ပညာ ရှင်များ လာရောက် ဟောပြောကြမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် များကပြောသည်။

သျှမ်းသက္ကရာဇ် ၂၁၀၇ (မြွေနှစ်)

“ကျနော်တို့ အခု စာရင်းရထားတာက ၁၉ ယောက်ရှိတယ်။ ဂျပန်နိုင်ငံက ၁ ယောက် ထိုင်းနိုင်ငံက ၃ ယောက် မန္တလေး တက္ကသိုလ်က ၂ ယောက် နေပြည်တော်က ၁ ယောက် အိန္ဒိယနိုင်ငံ အာဆမ်ပြည်နယ်က ပါမောက္ခတယောက်၊ ကျန်တာတော့ သျှမ်းထဲကပညာရှင်တွေ၊ ဆရာတော်တွေလေ။ နောက်ထပ် ၃ ဦးရှိသေးတယ်။ နာမည်မသိရသေးဘူး” ဟု ပွဲဖြစ် မြောက်ရေး ကော်မတီဝင် စိုင်းမုံ့ က ပြောသည်။

ပွဲတော်ကျင်းပမည့်ရက်မှာ ယခုလ ၁၂ မှ ၁၄ အထိဖြစ်ပြီး ပွဲတော် အတွက် အကြီးအကျယ် ပြင်ဆင်နေကြဆဲ ဖြစ်ကြောင်း၊ ဆယ်မီနာ ဟောပြောပွဲအတွက် ၁၃ ရက်နေ့တရက် အချိန်ပေးထားသော်လည်း ထိုင်းနိုင်ငံ ဓမ္မဆတ် တက္ကသိုလ်မှ ဒေါက်တာ ဒွန်းလယားဖတ်၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား တက္ကသိုလ်မှ ပါမောက္ခချုပ် တကထားနီး မီချီယို ၊ ဒေါက်တာခင် မောင်ကြည် မန္တလေးတက္ကသိုလ်၊  ရန်ကုန်မှ ဒေါက်တာ စိုင်းဆန်အိုက်၊ ဒေါက်တာစိုင်းဆန်ဖေ ခမ္တီးမှ စဝ်နွဲ့ဆားတော် စသည့် ပညာရှင် ၁၉  ဦးဟောပြောမည်ဖြစ်ကြောင်း၊ အချိန်မလောက်ပါက ၁၄ ရက်နေ့အထိဟောပြောပွဲ ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း စိုင်းမုံ့ကပြောသည်။

“ပြည်ပက သျှမ်းတွေအပြင် ပြည်တွင်းထဲမှာဆိုရင်တော့ သံလွင်အနောက်ဘက်ခြမ်းမှာ ၂၈ မြို့နယ် သံလွင် အရှေ့ခြမ်း မှာဆိုရင် ၁၀ မြို့နယ် ဖိတ်ထားတယ်။ အဲဒါက စိတ်ပါဝင်စားသူ အနည်းဆုံးတမြို့နယ် နှစ်ယောက် ဆယ်မီနာမှာလာရောက် နားထောင်ဖို့၊ ပါဝင်ဆွေးနွေးဖို့။ ဆယ်မီနာပွဲမှာ စောင့်ကြည့်တာဝန်ယူပေးမှာက ကျနော်တို့ရဲ့ ပညာရှင်အဆင့် ဆရာစိုင်း အောင်ထွန်း၊ ဒေါက်တာ စိုင်းဆန်အိုက်၊ ဆရာမ နန်းဟွမ်လိတ်၊ ဆရာမ နန်းမိုခမ်းတို့ပေါ့” ဟုလည်း ဆိုသည်။

ပွဲတော်တက်ရောက်ရန် သျှမ်းလူထုခေါင်းဆောင်များ၊ ကျိုင်းတုံမြို့ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ တြိဂံစစ်တိုင်းမှူး အပြင် သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ် နှင့်  မြန်မာနိုင်ငံဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တို့လည်းဖိတ်ကြား ထားကြောင်း ဆိုသည်။

ဖွင့်ပွဲအတွက် တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုအသင်းမှ တိုးနယား ၆ ကောင်၊  ထိုင်းနိုင်ငံ ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှု အသင်းမှ ကိန္နရီ ကိန္နရာ ၆ ကောင် ယူလာမည်ဟုတာဝန်ယူထားကြောင်း ကျိုင်းတုံမြို့ခရိုင်အတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတိုင်း ကိန္နရီ ကိန္နရာ နှင့် တိုးနယား ကပြဖို့ ယူလာကြရန်လည်း တောင်းဆိုထားကြောင်း ကြီးကျယ် ခန်းနားစွာဖြင့် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း စိုင်းမုံ့ကပြောသည်။

ပွဲတော်၌ ပြည်တွင်းပြည်ပ စာအောင်သံဃာတော်များအား ဂုဏ်ပြုဆုပေးအပ်မည်ဖြစ်ရာ သီရိလင်္ကာနိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့မှ BA -MA -Ph.D အောင်၊ မြန်မာနိုင်ငံအတွင်း ဓမ္မစရိယ၊ မဟာဓမ္မစရိယအောင် ၊ ထိုင်းနိုင်ငံ ပညာရေး၌ ဓမ္မာစရိယ အောင် သျှမ်း သံဃာတော် အပါး ၅၀ ကျော်အား ဂုဏ်ပြုဆုချီးမြင့်သည့်အခမ်းအနား ပြုလုပ်ရန် ရှိကြောင်း သိရသည်။

Most read this week