အယ်ဂျာဇီးရား သတင်းဌာနမှ ပြသမည့် အစီအစဉ် တစ်ခုကို မြန်မာ အစိုးရ ကန့်ကွက်

အယ်ဂျာဇီးရား သတင်းဌာနမှ ပြသမည့် အစီအစဉ် တစ်ခုကို မြန်မာ အစိုးရ ကန့်ကွက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင်၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတွင် ဒေသခံရခိုင်များနှင့် ဘင်္ဂလီတို့ အ ကြားဖြစ် ပွားခဲ့သည့် ဆူပူအကြမ်းမှုတွင် သူတို့အခေါ် (ရိုဟင်ဂျာ) ဆိုသူများကို လူမျိုးတုံး သတ်ဖြတ် နေသည်ဟု စွပ်စွဲထားသည့် အစီအစဉ် တစ်ခုကို အယ်လ်ဂျာဇီးရားသတင်းဌာနက ထုတ်လွင့် ပြသမည် ဖြစ်ရာ  အဆိုပါ အစီအစဉ်ကို  မြန်မာအစိုးရမှ ကြေငြာချက်ထုတ်ပြီး ကန့်ကွက်လိုက်သည်။

အဆိုပါ ကန့်ကွက်ကြောင်း ကြေငြာချက်ကို ဒီဇင်ဘာလ ၆ ရက်နေ့စွဲဖြင့် နိုင်ငံတော် သမ္မတရုံး ၀တ်ဆိုက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ အစီအစဉ်ကို ကာတာနိုင်ငံ အခြေစိုက် အလ်ဂျာဇီးရား သတင်း ဌာနမှ ဒီဇင်ဘာလ ၈ ရက်မှ ၁၂ ရက်နေ့ထိ အာရပ်ဘာသာဖြင့် ထုတ်လွင့်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွင့်မည်ဖြစ််ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ရိုဟင်ဂျာများအား လူမျိုးတုံး သတ်ဖြတ် လုပ်ဆောင်နေမူများကို ထည့်သွင်း ဖေါ်ပြသွား မည်ဟုလည်း သိရှိရကြောင်း အစိုးရ၏ ကျေညာချက်တွင် ဖေါ်ပြထားသည်။

ယခုကဲ့ သမ္မရုံးမှ ထုတ်ပြန်ကြေငြာချက်ကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ကြိုဆို ထောက်ခံလိုက်သည်။

“ ဒီကြေငြာချက်ကို ကျွန်တော်တို့ထောက်ခံပါတယ်။ အစကတည်းက ဒီလိုမျိုး မြန်မာအစိုးရ အနေနဲ့ ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း လုပ်သင့်ပါတယ်။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလည်း ရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင် လှုံဆော် ပေးသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းတချို့ရှိနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြော ထားသည်။

“အခုလို ရခိုင်ပြည်နယ်မှာ ဆိုးဆိုးရွားရွား ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ကိစ္စတွေ ဖြစ်လာတာ ဟာ ပြင်ပက အဖွဲ့အစည်းတွေ ရိုဟင်ဂျာဆိုပြီး လှုံဆော်နေတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကြောင့် ရခိုင်ပြည်နယ်မှာ ဒီလိုပြင်းထန်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်လာတယ်လို့ ကျွန်တော်တို့မြင်တယ်”ဟု သူကဆက် ပြောသည်။

အယ်ဂျာဇီးရား သတင်းဌာနအပါအဝင် သတင်းဌာနအများအပြားမှ မဟုတ်မမှန် သတင်းများကို လွင့်ထုတ်နေသည့်အတွက် ရခိုင်ပြည်နယ်ပြဿနာကို နောက်ထပ်တစ်ကြိမ်ဖြစ် လာရန် သွေးထိုးလှုံ ဆော်ပေးရာ ရောက်ကြောင်းလည်း ဦးအေးသာအောင်မှ သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်မှု ဖြစ်ပွားရာဒေသသို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများအပါအဝင် အပြည် ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ သံတမန်များ၊ မူဆလင်အဖွဲ့အစည်းများနှင့် OIC အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများကိုလည်း သွားရောက်ခွင့်ပြု ခဲ့ကြောင်း ကြေငြာချက် တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနောက်ကွယ်တွင် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း တစ်ချို့၏ သွေးထိုးလှုံဆော်မှုများရှိနေသည်ဟု ရခိုင်နိုင်ငံရေးအဖွဲ့အစည်းများနှင့် မြန်မာအစိုးရမှပြော ဆိုထားသည်။

ကြေငြာချက်တွင် အချက် ရ ချက်ပါ၀င်ပြီး ရခိုင်ပြည်နယ်ပဋိက္ခကို မဟုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွင့်ပြရန် အယ်လ်ဂျာဇီးရားသတင်းဌာန၏ လုပ်ဆောင်ချက်များ ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးအနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ကန့် ကွက်ကြောင်း ဖော်ပြထားသည်။

—————————————————————————————–

(သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၁။ ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရားသတင်းဌာနက မြန်မာနိုင်ငံရှိ၎င်းးတို့အခေါ် ရိုဟင် ဂျာများနှင့် ပတ်သက်သည့် သတင်းအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက် နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ် ဘာသာဖြင့် လည်းကောင်း ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၎င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုး တုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြ သွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။

၂။ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီလူမျိုးစုများနှင့် ဒေသခံရခိုင်တိုင်းရင်းသားများအကြား အကြမ်းဖက် မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ပွင့်လင်း မြင်သာ မှုရှိစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

၃။ အဆိုပါ လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများ ဖြစ်ပွားရာနေရာများသို့ ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aidအဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေး ခဲ့သည်။ ထိုအပြင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC )မှ နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့် ကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုခဲ့သည်။

၄။ထို့ပြင် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ ဒုက္ခသည်များအား နေရာချထားပေးရေး၊ ပြန်လည် ထူထောင်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် အခြားလူမှုရေးလိုအပ်ချက်များ ပံ့ပိုးပေးရေး စသည့် လူ သားချင်း စာနာထောက်ထားသည့် အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ ထိခိုက်နစ်နာသူ အုပ်စုနှစ် ခုလုံး အတွက် မျှတစွာ ထောက်ပံ့ကူညီပေးအပ်ခဲ့သည်။

၅။ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက် မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့ အညီထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ဤ ကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုပြု လုပ်နိုင်ရန် လွတ်လပ်သည့်  စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

၆။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အစည်း အချို့က စွပ်စွဲသကဲ့သို့ အစိုးရလုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပတ် သက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်းများ လုံးဝမရှိကြောင်းကို ထပ်လောင်းအတည်ပြု ဖော်ပြပါသည်။ ဤသို့ ပတ်သက်မှု မရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများက ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင်းလည်းကောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက် လှုပ်ရှားမှု ထိပ်သီး အစည်းအဝေးတွင် လည်းကောင်း ကမ္ဘာသို့ အတိအလင်း ထုတ်ဖော်အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။

၇။ သို့ဖြစ်၍ ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့် ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်။

Most read this week