ရုပ်ရှင် အစည်းအရုံးမှ ဘုန်းတော်ကြီးကျောင်းများ အတွက် လှူဒါန်း ပစ္စည်းများ ရခိုင်သို့ ရောက်ရှိ

ရုပ်ရှင် အစည်းအရုံးမှ ဘုန်းတော်ကြီးကျောင်းများ အတွက် လှူဒါန်း ပစ္စည်းများ ရခိုင်သို့ ရောက်ရှိ
by -
နိရဥ္စရာ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ မောင်တောမြို့နယ် အတွင််း မီးရှို့ခံခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်း (၈) ကျောင်းအတွက် လှူဒါန်းသည့် ပစ္စည်းများမှာ ရခိုင်တို့၏ မြို့တော် စစ်တွေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း  ရရှိသည်။

လှူဒါန်းသည့် ပစ္စည်းများထဲတွင် GSM တယ်လီဖုံးများ၊ မီးစက်များ၊ ဘုရားဆင်းထုတော်များ၊ ပလ္လင်များ၊ သင်္ကန်း- သင်းပိုင်များနှင့် စောင်များလည်း ပါ၀င်ကြောင်း  သိရသည်။

အဆိုပါ ပစ္စည်းများကို ရန်ကုန်မှ စစ်တွေသို့ သယ်ယူလာပြီး ဒီဇင်္ဘာလ ၅ ရက်နေ့က အလိုတော်ပြည့် ဆရာတော်ကြီးကိုယ်တိုင် သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းများသို့ အခမ်းအနား ပြုလုပ်ပြီး လွှဲပြောင်း ပေးအပ်လိုက်သည်ဟု စစ်တွေ အလိုတော်ပြည့်ကျောင်းမှ ဆရာတော် တစ်ပါး မိန့်ကြားသည်။

“ရန်ကုန်မှာ ရှိတဲ့ ရုပ်ရုပ် အစည်းအရုံးက လူတွေက မလာနိုင်တဲ့ အတွက် အလိုတော်ပြည့် ဆရာတော်ကြီးကို ကထိန်ပွဲမှာ ဆက်ကပ် လွှဲအပ်လိုက်တာကြောင့် ဆရာတော်ကြီးက အဲဒီ ပစ္စည်းတွေကို ဘုန်း ကြီးကျောင်း (၈)ကျောင်းက ဘုန်းကြီးတွေကို မနေ့က လွဲပေးလိုက် တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရုပ်ရှင် အစည်းအရုံး၏ အလှူပစ္စည်းများ လွဲပြောင်းပွဲ အခမ်းအနားကို အဆိုပါနေ့ နေ့လည်းပိုင်းက စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတွင် ကျင်းပရာ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ ရခိုင် ပြည်နယ် စီးပွားရေးနှင့် ကူသန်းရေးဝန်ကြီး  ဦးမြအောင် အပါအဝင် ပြည်နယ် ၀န်ကြီး တချို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

လှူဒါန်း ပစ္စည်းများကို မောင်တောသို့ စစ်တွေမှ တဆင့် သင်္ဘောဖြင့် ပို့ဆောင်သွားမည်ဟု ဆိုသည်။

မောင်တောမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဘင်္ဂလီ မူစလင်များ၏ ဆူပူ အကြမ်းဖက်မှု အတွင်း မောရဝတီ ကျောင်း၊ သရီကုန်ဘောင်ကျောင်း၊ ကိုင်းကြီးကျောင်း၊ ခရေမြိုင်ကျောင်း၊ ရွှေရင်အေး ကျောင်းနှင့် ဗောဓိကုန်းကျောင်း အပါအဝင် စုစုပေါင်း ၈ ကျောင်း မီးရှို့ခံရပြီး ပြာပုံဖြစ်ခဲ့ရသည်။

ဘုန်းတော်ကြီးကျောင်းများကို ရုပ်ရှင် အစည်းအရုံး ကူညီ လှူဒါန်းငွေဖြင့် ပြန်လည် တည်ဆောက်ထားပြီ ဖြစ်သော်လည်း ဘာသာရေးနှင့် သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးသဖြင့် ယခုလို ပေးပို့ လှူဒါန်းခြင်း  ဖြစ်ကြောင်း သိရသည်။

ယခု အလှူပစ္စည်းများ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ၁၀၀ ကျော်ဖိုးရှိကြောင်း သိရသည်။ မြန်မာ ရုပ်ရှင် အစည်းအရုံးသည် ရခိုင်နှင့် ကချင်အရေးတွင် ကျပ်ငွေ သိန်းပေါင်း ၂၀၀၀ ခန့်လှူဒါန်း ကူညီ ခဲ့သည်ဟု ဆိုသည်။

အလားတူ အဆိုပါ အခမ်းအနားတွင် ဘုန်းတော်ကြီးကျောင်း (၈)ကျောင်းအတွွက်  အမေရိကန်ရောက် စေတနာ ရှင်များမှ လှူဒါန်း ထားသည့် အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့် ညီမျှသည့် မြန်မာ ကျပ်ငွေ ၂၅ သိန်းခန့်ကိုလည်း အလို တော်ပြည့်ဆရာတော်ကြီးမှ သက်ဆိုင်ရာသို့ လွဲအပ်ပေးခဲ့သည်ဟု သိရသည်။

Most read this week