တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ လူမှုဖူလုံရေးအတွက် စားနပ်ရိက္ခာတွေလှူဒါန်းဖို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း အဖွဲ့ ဥက္ကဌက ကယား(ကရင်နီ)ပြည်နယ်သို့ လာရောက်လေ့လာသွားတယ်လို့ သိရပါတယ်။
မြန်မာတိုင်းရင်းသားများ၏ လူမှုဖူလုံရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေးသံအမတ်ကြီး လည်းဖြစ်သည့် အဖွဲ့ဥက္ကဌ (Yohei Sasakawa) မစ္စတာ ယောဟဲအိ ဆာဆာကာဝါက “နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နယ်မြေ ၁၁ ခုမှာရှိတဲ့ IDP Camp တွေကို ဆန်နဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး တွေကို လှူဒါန်းမှာဖြစ်ပါတယ်။ ဒီလိုလှူဒါန်းပြီးရင် အမှန်တကယ် ဒုက္ခရောက်နေတဲ့သူတွေဆီကို ရောက်သလား၊ မရောက်ဘူးလား ဒီက တိုင်းရင်းသား ညီကိုမောင်နှမတွေကို စောင့်ကြည့်လေ့ လာစေချင် ပါတယ်။” လို့ ပြောပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့၌ ကယားပြည်နယ်အတွင်းရှိ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေနဲ့ လွိုင်ကော်မြို့ ကက်သလစ် ဂရုဏာဓမ္မရုံမှာ တွေ့ဆုံခဲ့စဉ်အချိန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဖိတ်ခေါ်မှုဖြင့် ကယားပြည်နယ်ကို လာရောက်လေ့လာခဲ့ပြီး လောပိတနှင့် ရှားတောမြို့နယ်အတွင်းရှိ စုစည်းရွာတွေဘက်ကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့တွေကို ပေးဖို့ဆိုပြီးတော့မှ MOU ဗမာအစိုးရနဲ့ထိုးလိုက်တယ် ဆိုတော့ ကျနော်တို့ ကယား(ကရင်နီ)ပြည်နယ်ကို ကူညီဖို့ဆုံးဖြတ်ချက်ချပြီးပြီ စာချုပ်စာတမ်း (MOU) လုပ်ထားပြီးတဲ့အတွက် လာတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။
အခု လုပ်ငန်းစဉ်ကို နီပွန် ဖောင်ဒေးရှင်း အပါအဝင် တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့နှင့် မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စတင်ထောက်ပံ့မှာဖြစ်ပြီး အဲဒီနောက် ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ တခြားသော လက်နက်ကိုင် တိုင်းရင်းသားဒေသတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။
ထောက်ပံ့မှု တွေမှာ ရိက္ခာနှင့် ဆေးဝါးတွေကို ဦးစားပေးမှာ ဖြစ်ပြီး ပထမ အဆင့်မှာ အမေရိကန် ဒေါ် လာ (၃) သိန်းခန့် ကူညီ ပေးသွားမှာ ဖြစ်သလို ဒုတိယ အဆင့် ဖြစ်တဲ့ အမေရိကန် ဒေါ်လာ (၂.၇) သန်းကိုမူ လာမည့် ၂၀၁၃ ခုနှစ်မှာ ထောက်ပံ့မယ်လို့ သိရပါတယ်။