တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်အကြား အပစ်ရပ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပြီး နောက်ပိုင်းကျေး လက်ဒေသ၌ လူ့အခွင့်အရေး ချိုးဖောက်မှု အတန်ငယ် လျော့ကျသွားသော်လည်း စစ်ပွဲဖြစ်ပွါးနေသည့် ဒေသများ၌ ညှင်းပမ်းမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု သျှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ နိုဝင်ဘာလထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှု၊ အမျိုးသားများအား ပေါ်တာဆွဲ သတ်ဖြတ်မှုတို့မှာ သိသိသာသာ ကျဆင်း သွားသည်ကိုတွေ့ရသော်လည်း စစ်ပွဲဖြစ်ပွါးရာဒေသတို့၌ ကျေးလက်လူထု၏ ပိုင်ဆိုင်မှုများကို အဓမ္မ လုယက်စားသောက်မှု၊ အိမ်မွေးတိရစ္ဆာန် များအား ဖမ်းဆီးသတ်ဖြတ်ယူငင်မှု စသည်တို့မှာ လျော့ကျမသွားဘဲ ပိုမိုဖြစ်ပွါးလာသည် ကိုတွေ့ရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခင်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်နည်းအစား လူထုအား ထိုးနှက်ရိုက်ပုတ်ခြင်း၊ လူထုပိုင် ပစ္စည်းဥစ္စာ ခိုးယူခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်း စသည့် နည်းလမ်းများ ပြောင်းလဲပြုလုပ်နေဆဲ ဖြစ်သည်။ အဆိုပါ လုပ်ရပ်များအား သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲနှင့် မိုင်းတုံမြို့နယ်တို့တွင် အများအပြား ပြုလုပ်နေသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။
ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA- S တပ်ဖွဲ့နှင့် ယမန်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်ရပ်ရေး သဘောတူခဲ့ကြသော်လည်း မြန်မာစစ်တပ်ဘက်မှ ရန်စတိုက်ခိုက်နေသည် သာမက တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံလူထုများ ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုများပြားလာသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
ယငိးသို့ တိုက်ပွဲဖြစ်ပွါးမှု၊ လယ်ယာမြေသိမ်းယူမှု စသည့် ဖြစ်ရပ်များကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သူ ပိုမိုများပြားနေကြောင်းနှင့် နယ်စပ်ဒေသများဖြစ်သည့် မယ်ဟောင်ဆောင်၊ ချင်းမိုင်နှင့် ချင်းရိုင်းခရိုင် တို့၌ လစဉ် ပျှမ်းမျှ ထောင်နှင့်ချီ၍ ဝင်ရောက်နေကြောင်း နယ်စပ် ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးသည့်အဖွဲ့က ပြောဆိုသည်။
၁၉၉၆ ခုနှစ်မှ ၉၈ ခုနှစ်အထိ သျှမ်းပြည်အလယ်ပိုင်း ၁၁ မြို့နယ်ရှိ ရွာပေါင်း ၁၅၀၀ မှ လူဦးရေ ၃ သိန်းဝန်း ကျင်ခန့်အား အဓမ္မရွှေ့ပြောင်း ခိုင်းခဲ့သဖြင့် ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်း အများအပြား ဝင်ရောက်ခို လှုံလာခဲ့ကြသည်။
ယင်းတို့အနက် အချို့မှာ ထိုင်းနိုင်ငံသားအဖြစ် တရားဝင် လျှောက်ထားခွင့် ရခဲ့သူများ ရှိသလို အများအားဖြင့် ထိုင်းအစိုးရမှ ထုတ်ပေးသည့် တိုင်းပြည်မဲ့ကဒ်ပြားများ၊ ရွေ့ပြောင်းအလုပ်သမားကဒ်များဖြင့် ထိုင်းနိုင်ငံအတွင်း၌ ခိုလှုံနေကြရသည်။