ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမြို့နယ် နယ်ခြား မှတ်တိုင် အမှတ်(၆) အနီး တဝိုက်ရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မ တော် (KIA) အခြေစိုက်သည့် စခန်းများကို အစိုးရတပ်က စစ်ရဟတ်ယာဉ် အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဆိုသည်။
“မနေ့က ရဟတ်ယာဉ် (၇) စင်းနဲ့ တက်လာတယ်။ ကျန်တဲ့ (၅) စင်းက စစ်ပစ္စည်း လက်နက်နဲ့ ရိက္ခာတွေ တပ်အင်အားတွေ ပို့ကြတယ်။ အဆင်းကျတော့ လူနာတွေကို ပြန်ပြီးတော့ သယ်သွားကြပါတယ်။ ကျန်တဲ့ စစ်ရဟပ်ယာဉ် (၂) စင်းကတော့ KIA တပ်စခန်းတွေကို လိုက်ပတ်ရှာ ပြီးတော့ အပေါ်ကနေ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေ လုပ်တယ်။ (၂) ပတ် တိတိပတ်ပြီး ပစ်တာပေါ့ဗျာ။” ဟု ဆိုသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်၍ ယင်းဒေသအတွင်း ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယမန်နေ့က အပြင်းထန်ဆုံး ဖြစ်သည်ဟုလည်း ဆိုသည်။ ညနေ (၃) နာရီခွဲ အချိန်က ၀င်ရောက် ပစ်ခတ်ခဲ့ရာ ဒုံးကျည် တချို့ တရုတ်ပြည် နယ်စပ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ယနေ့နေ့လယ်ပိုင်း အချိန်ကလည်း စစ်ရဟတ်ယာဉ် (၅) စင်း ပန်ဝါဖက်သို့ (၅) ကြိမ်မျှ ပြန်တက်သွား ကြောင်း ဦးလနန်က ပြောသည်။
အလားတူ ဒီဇင်ဘာ (၃) ရက်နေ့က ခြေလျင်တပ်ရင်း ခလရ (၇၄) နှင့် ခလရ (၇၇) တပ်ဖွဲ့များက ၈၄ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ တရုတ်နိုင်ငံဘက်သို့ ကျရောက် ပေါက်ကွဲခဲ့ရာမှ တောမီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် တရုတ်အစိုးရက မြန်မာအစိုးရအား ဆန့်ကျင်ကန့်ကွက်ထားကြောင်း KIA သတင်းရပ်ကွက်က ဆိုသည်။ သို့သော် ယင်းကိစ္စ သီခြား အတည်ပြုချက် မရရှိသေးပါ။
တချိန်တည်းတွင် ကချင်ပြည်နယ် ဒေသအတော်များများတွင် အစိုးရတပ်ဖွဲ့ဝင်များ အင်အား ဖြည့်တင်းနေပြီး KIA တပ်မဟာ (၁) နယ်မြေ ဆွမ်ပရာဘွမ်ဘက်၌ တပ်မ (၃၃) လက်အောက်ခံ အင်အား (၅၀၀) ခန့်က ဆွမ်ပရာဘွမ်နှင့် ပူတာအို လမ်းကြောင်း အတိုင်း ချီတက်သွားကြောင်း သိရသည်။
ထို့အပြင် KIA တပ်မဟာ (၅) တပ်ရင်း (၃) ဒေသ၌လည်း ခြေလျင်တပ်ရင်း ခလရ (၁၃)၊ ခြေမြန်တပ်ရင်း ခမရ (၄၁၆) မှ တပ်ဖွဲ့ဝင်များနှင့် ဝိုင်းမော်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားနေပြီး အစိုးရက လက်နက်ကြီး ပစ်အားများ အသုံးပြု၍ တိုက်ခိုက်နေသည့်အတွက် ရှေ့ကင်းစခန်း (၂) ခု ဆုတ်ပေး လိုက်ရကြောင်း KIA က ဆိုသည်။
“သူတို့ဘက်က ထိုးစစ်ဆင်လာတိုင်း ကျနော်တို့ဘက်က ရှိတဲ့အားနဲ့ ပြန်တိုက်ရမှာဘဲ။ အဓိကကတော့ စိတ်ဓါတ်ပါပဲ။ စိတ်ဓါတ်ကို အခြေခံပြီး ခံစစ် ဆင်နွှဲသွားမှာပါ” ဟု ဦးလနန်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အစိုးရ အစဉ်အဆက်က စစ်ဆင်ရေး လုပ်ငန်းများကို ခြောက်သွေ့ရာသီ ရောက်တိုင်း ပြုလုပ်လေ့ရှိပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလေ့ရှိကြောင်း KIA ကဆိုသည်။