ဆားထွက်သည့်နယ်မြေအတွင်း ဂက်စ်ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် အချိန်မရွေးပေါက်ကွဲနိုင်သည့် အရေးတွေးပူကာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ဒေသခံများ “ဘေးကင်းရန်ကင်း ဆုတောင်းပွဲနှင့် ပရိတ်ရွတ်ဖတ်ပွဲ” တရပ် ယနေ့ကျင်း ပခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီကနေ ၃ နာရီအထိ ကျနော်တို့ သီပေါသားတွေ စုပေါင်းပြီး ဆုတောင်းပွဲ လုပ်ကြ တယ်။ သံဃာတော် ၄ ပါးပင့်ပြီး ပရိတ်ရွတ်တယ်။ ရည်ရွယ်ချက်ကတော့ ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုမဖြစ်အောင်ပေါ့နော်။ ဘေးကင်းအောင်ပေါ့” ဟု သီပေါမြို့ခံ စိုင်းဝင်းက ပြောသည်။
လူမှုရေးလှုပ်ရှားသည့် အဖွဲ့တဖွဲ့က ဂက်စ်ပိုက်လိုင်း ဖြတ်သန်းမှု၏ ကောင်းကျိုး ဆိုးကျိုးများကို ဒေသခံလူထုထံ မကြာခင်က ပညာပေး ပြောပြခဲ့ရာမှ ယခုကဲ့သို့ ဆုတောင်းပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သီပေါမြို့နယ်သည် ဆားထွက်ရာဒေသဖြစ်ရာ မြေသားမြေထုတွင် ဆားဓါတ်ပါနေသဖြင့် ပိုက်လိုင်းများသံချေး တက်လွယ်ကာ ပိုက်လုံးပေါက်ကွဲမှုဖြစ်လာနိုင်ကြောင်း၊ ပိုက်လိုင်း သွယ်တန်းထားရာတွင်လည်း ပေါက်သည်ဟု ယူဆနိုင်မည့် အရာများအား ကတ္တရာစေးပါးပါးလူးထားသည်ဖြစ်ရာ မကြာမီပြန်လည်ပေါက်ပျက်နိုင်ကြောင်း၊ ပေါက်ကွဲ ပါကလည်း ၈ မိုင်ပတ်လည် အထိ ထိခိုက်နိုင်ကြောင်း အဆိုပါ ပညာပေး အဖွဲ့က ပြောဆိုသည်ဟု ဆုတောင်း ပွဲဖြစ်မြောက်ရေး ဆောင်ရွက် သူတဦး ကပြောသည်။
“ဒီပိုက်လိုင်းတွေကြောင့် ကျမတို့ မြို့ခံတွေ ဒေသခံတွေဘက်က ဆုံးရှုံးတာများနေပါပြီ။ ဒီပိုက်လိုင်းဟာဖြင့် ကျမတို့အတွက် ဘာမှကောင်းကျိုးမခံစားရပါဘူး။ လယ်ယာမြေတွေဆုံးရှုံးတယ်။ လျော်ကြေးတွေလည်း အပြည့်အဝ မရကြဘူး။ ပိုက်လိုင်း လုံခြုံရေးစစ်ကြောင်းတွေနဲ့ ကျမတို့ ဒီဘက်မှာလှုပ်ရှားနေတဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ် တယ်။ ဒီဒုက္ခတွေ ကျမတို့ ရင်မဆိုင်ချင် တော့ပါဘူး။ ပေါက်ကွဲမှုမဖြစ်အောင်ဘဲဆုတောင်းကြရမှာပေါ့” ဟု ဆုတောင်းပွဲဝင်သည့် ဒေသခံအမျိုးသမီးတဦးက ပြောဆိုသည်။
ယနေ့မနက် ၉ နာရီက စတင်သော “ဘေးကင်းရန်ကင်းဆုတောင်းပွဲနှင့် ပရိတ်ရွတ်ဖတ်ပွဲ” ကို သမိုင်းဝင် ဘော်ကြို ဘုရားအနီး မော်ကေရွာတွင် ကျင်းပခဲ့သည်။ ဝမ့်ကောင်ရွာ၊ ဝမ့်ကတ်ရွာ၊ ပန်ကေရွာ၊ ဟိုမော် ရွာနှင့်ပန်ကီရွာ ၅ ရွာက စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ အယောက် ၁၀၀ ထက်မနည်း တက်ရောက် ဆုတောင်းကြပြီး ဆုတောင်းပွဲကို လွတ်လွတ် လပ်လပ် ဖြင့်ပထမဦးဆုံးလူသိရှင်ကြား ကျင်းပနိုင်ခဲ့ကြောင်း လည်း စိုင်းဝင်းကပြောသည်။
ပရိတ်ရွတ် ဆုတောင်းပြီးနောက် ပိုက်လိုင်းမှဖြစ်ပေါ်သော အန္တရာယ် ကာကွယ်တားဆီးနိုင်ရေး အတွက်ဆက်လက် ပြောပြ သွားရန်နှင့် သျှမ်းပြည်တဝှမ်းလုံးလက်တွဲ၍ ပိုက်လိုင်းသွယ်တန်းမှုရပ်တန့်ရေး တညီတညွတ်တည်းတောင်းဆိုကြရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်ပြည် ယူနန်ပြည်နယ်အထိသွယ်တန်းမည့် ရွှေဂက်စ်၊ ရွှေရေနံ ပိုက်လိုင်း စီမံကိန်းသည် မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရ ပိုင်“တရုတ်အမျိုးသားရေနံကော်ပို ရေးရှင်း China National Petroleum Corporation (CNPC) ကတာဝန်ယူကာ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး မကွေး၊ မန္တလေး နှင့် သျှမ်းပြည်မြောက်ပိုင်း အပါအဝင် မြို့နယ် ၂၀ ကျော် ဖြတ်သန်းကာ လာမည့် ၂၀၁၃ ခုနှစ် တွင်အပြီးသတ် ဆောင်ရွက်မည်ဖြစ်သည်။