မဒေးကျွန်း စီမံကိန်းတွင် အသက် ရ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ

မဒေးကျွန်း စီမံကိန်းတွင် အသက် ရ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်မှ ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း၌ အသက် (၇) နှစ် အမျိုးသမီးငယ် တစ်ဦး လွန်ခဲ့သော နှစ်ရက်က  မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

ဗမာချေ (ခေါ်) ကတုံးအား ရဲက ကျောက်ဖြူသို့ ခေါ်ယူလာစဉ် (ဓါတ်ပုံ- Coral Arakan)

အသတ်ခံရသူ အမျိုးသမီးငယ်မှာ ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက် ကျေးရွာမှ ဦးချမ်းမောင်၏ သမီး အသက် ရ နှစ် အရွယ် စုမြစိုးစံ (ခေါ်) မေကြီးဖြစ်ကြောင်း သိရသည်။

သူမအား မုဒိမ်းကျင့် သတ်ဖြတ်သူဟု စွပ်စွဲခံရသူမှာ ဗမာချေ (ခေါ်) ကတုံး ဖြစ်ကြောင်း သိရသည်။

“သူတို့က မီးကျောင်းရေသောက်ရွာကလာပြီး အဲဒီ တရုတ်ဆိုက်မှာ အလုပ်  လုပ်နေကြတဲ့သူတွေပါ။ အသတ်ခံရတဲ့ နေရာက မဒေးကျွန်း ကျောက်မော်ကြီး တရုတ်ဆိုက်မှာ ဖြစ်ပါတယ်။ မုဒိမ်းကျင့် သတ်တဲ့သူက စစ်တပ် လူထွက် ဧရာဝတီတိုင်းက ဗမာချေ ဖြစ်ပါတယ်။ ကလေးမလေးမှာ ဒဏ်ရာကတော့ ဗိုက်ပွင့်၊ အအူထွက်၊ ခေါင်းမှာလည်း ဒဏ်ရာတွေ တွေ့ပါတယ်” ဟု မဒေးကျွန်း ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသွားသူ မေကြီး အလောင်းနှင့်  တရားခံ ဗမာချေ (ခေါ်) ကတုံးအား မဒေးကျွန်းမှ ကျောက်ဖြူ ယူဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ကျောက်ဖြူရဲစခန်းသို့ မေးမြန်းရာ သူတို့ မသိရှိသေးကြောင်း၊ မဒေးကျွန််းမှာ ရဲစခန်းရှိသဖြင့် မဒေးကျွန်းသို့ တိုက်ရိုက် မေးမြန်းပါဟု တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ကျောက်ဖြူဒေသခံ တစ်ဦးအား ဆက်သွယ် မေးကြည့်ရာ သူက ယခုလို ပြောသည်။

“ဒီသေမူ သေခင်းကို ရဲက လှို့ဝှက်ထားပါတယ်။ ပြဿနာတွေ တက်မှာကို စိုးရိမ်ပုံရပါတယ်။  ကျွန်တော် သွားမေးတော့လည်း ရဲက မပြောဘူး။ ကလေးမလေး  အလောင်းက အခု ကျောက်ဖြူ ဆေးရုံကို ရောက်နေပြီ” ဟု ဆိုသည်။

Most read this week