ကုမ္ပဏီ အဖွဲ့များကို မတည်ငွေ ကျပ် သန်း ၃၀ ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ပြု

ကုမ္ပဏီ အဖွဲ့များကို မတည်ငွေ ကျပ် သန်း ၃၀ ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ပြု
by -
မဇ္စျိမ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်မဟုတ်သော ကုမ္ပဏီ အဖွဲ့အစည်းများကို ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်၍ မတည်ငွေ ကျပ်သန်း ၃၀ ဖြင့် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၈၃ နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၂ ပါ စီမံခန့်ခွဲပိုင်ခွင့် များကို ကျင့်သုံးလျက် လိုင်စင်များကို စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

လိုင်စင်လျှောက်ထားသူသည် ငွေရင်းနှင့် ယင်းငွေများကို မည်သို့ရရှိမည်ဆိုခြင်း၊ မျှော်မှန်းထားသည့် အကျိုးအမြတ်၊ လုပ်ငန်းအတွက် စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်၏ အရည်အချင်းနှင့် ကျွမ်းကျင်မူ စသည်တို့နှင့်အတူ လျှောက်ထားရမည် ဖြစ်သည်။

“လိုင်စင် လျှောက်ထားဖို့အတွက် ကနဦး မတည်ငွေ အနည်းဆုံး ကျပ်သန်း ၃၀ ထည့်ဝင် လုပ်ကိုင်ရပါမယ်။ အဲဒီ ငွေရင်းကို နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် လိုင်စင်ရ ဘဏ်တခုမှာ စာရင်းဖွင့် ထည့်သွင်းရပါမယ်။ အကယ်၍ ငွေလဲကောင်တာ တခုထက်မက လုပ်ကိုင်လိုရင် ကောင်တာ တခုစီအတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံ ထည့်ဝင်ရမှာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်အဲဖေါ က ပြောသည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီ ဖြစ်ရန် လိုအပ်သလို နိုင်ငံခြားငွေ ရောင်းဝယ်မှု လုပ်ငန်းအတွက် စျေးကွက်ရှိမှု၊ ဖောက်သယ်များ စိတ်ဝင်စားမှု ရှိခြင်းတို့ကို ဖေါ်ပြရမည်ဖြစ်သည်။

ထို့အတူ စာရင်းထားသိုပုံစနစ်၊ အသုံးပြုမည့် ငွေကြေးများနှင့် နောက်ခံ အကြောင်း အချက်များ၊ သတင်းအချက်အလက်များ၊ စုဆောင်း ရယူပုံစနစ်၊ နိုင်ငံခြားငွေများ ရေတွက်ခြင်း၊ စစ်ဆေးခြင်း၊ အတု၊ အစစ် ခွဲခြားခြင်းတို့အတွက် ပြည့်စုံလုံလောက်သော အစီအမံများ ထားရှိခြင်းတို့ကို စီစဉ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုုပ်ရေး ဥပဒေနှင့်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတို့ကို သိရှိနားလည်၍ လိုက်နာဆောင်ရွက်မည်ဟု ဝန်ခံကတိ ပြုရမည် ဖြစ်သည်။

“ဗဟိုဘဏ်ကနေ ကုမ္ပဏီ အဖွဲ့အစည်းတွေကို နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ပေးလိုက်တာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားသား ဝင်ရောက်မူက တနေ့တခြား ပိုပိုများလာတဲ့အတွက် ဒေါ်လာရောင်းတဲ့ သူက တိုးတိုးလာတယ်။ ဘဏ်တွေချည်းပဲ ရောင်းခွင့် ပေးထားရင် ဘဏ်ဆိုတာ ဖွင့်ချိန်ပိတ်ချိန်ရှိနေတော့ အကန့်အသတ်လို ဖြစ်နေတယ်။ အခုလိုဘဏ်မဟုတ်တဲ့ အပြင်လူတွေကို ခွင့်ပြုလိုက်တဲ့အတွက် ပြည်ပနိုင်ငံ တွေမှာလို အချိန်မရွေး ငွေလဲနိုင်သွားမယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေ က သုံးသပ်ပြောဆိုသည်။