ဒုတိယအကြိမ်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား စစ်ကိုင်းတိုင်း ကလေးမြို့နေ ချင်းပြည် သူလူထုက သောင်းသောင်း ဖျဖျကြို ဆိုကြသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ညနေ ၄း၃၀ အချိန်က ကလေးမြို့သို့ ရောက်ရှိလာသည့် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များကို ကလေးမြို့ရှိ Chin Baptist Association(CBA) ဦးဆောင်မှုဖြင့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ လူရှိုင်း မျိုးနွယ်စု တွေက ကြို ဆိုကြခြင်း ဖြစ်သည်။
CBA က ပြုလုပ်သည့် ညစာစားပွဲတွင် CNF သည် ချင်းတမျိုးသားလုံး ကိုယ်စားပြုသည့် အမျိုးသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မိမိတို့နဲ့ လက်တွဲပြီး ပါ၀င်စေလိုကြောင်း CNF ဥက္ကဌ Dr. ZaHleithang က ပြည်သူလူထုကို တိုက်တွန်း ပြောဆိုခဲ့သည်။
အလားတူ CBA အထွေထွေအတွင်းရေးမှူး Rev Ni Lian ကလည်း CNF နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ အောင်မြင်ဖို့ ဒီဇင်ဘာ လ ၂ ရက်နေ့မှာ လူထု ဆုတောင်း ပွဲပြုလုပ်ခဲ့ကြောင်း CNF ရဲ့ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု အပေါ် အထူး ကြိုဆိုကြောင်း ၊ ပြည်သူတွေ တောင့်တနေတဲ့ ငြိမ်းချမ်းရေး အောင်မြင်စေကြောင်း ပြောကြားခဲ့ သည်။
ထို့အပြင် CNF အထွေထွေ အတွင်းရေးမှူးချုပ် Pu ZingCung က ၂၄ နှစ်တာ တော်လှန်ရေးတိုက်ပွဲမှာ အသက်ပေး ဆုံးရှူံးသွားကြတဲ့ တော်လှန်ရေးရဲဘော်များအား ဦးစွာဂါရဝ ပြုကြောင်း၊ တော်လှန်ရေးတွင် လူအား၊ ငွေအား၊ လက်နက်အင်အားက အဓိက မကျကြောင်းနှင့် စည်းလုံးညီညွတ်မှုကသာ အဓိက ကျကြောင်း၊ ယခုလို ကလေး- ကဘော် ဒေသရှိ ချင်းမျိုးနွယ်စုတွေရဲ့လုပ်ဆောင်မှုဟာ စည်းလုံးညီညွတ်မှုကို ပြသတာဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် မိမိတို့ လိုချင်တဲ့ အမျိုးသားနိုင်ငံရေး ပန်းတိုက်ရောက်ရှိသည်အထိ လက်တွဲချီတက်ကြဖို့ တိုက်တွန်းလိုကြောင်း မှာကြားခဲ့သည်။
CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ပြည်သူ့ရဲမှူး တို့မှ ကလေးမြို့သို့ရောက်ရှိသည် အထိ လိုက်ပါ ပို့ဆောင်ကြသည်။
အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါးရ် က “ယခုလို အစိုးရ တာဝန်ရှိသူတွေလုပ်ဆောင်မှု အပေါ် အထူး ၀မ်းသာတယ်၊ လေးစားတယ် “ ဟု ပြောဆိုသည်။
CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ကလေးမြို့ရှိ Salem အသင်းတော်မှ မနက်စာ တည်ခင်းဧည့်ခံ၍ ဒေသခံ ချင်းပြည်သူများက လေဆိပ်သို့ လိုက်လံပို့ဆောင်ကာ ယနေ့ မွန်းလွဲ ၂း ၀၀ နာရီ အချိန်တွင် မြန်မာ့လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွါသွားကြောင်း သိရသည်။