လက်ပံတောင်း ဒဏ်ရာရ ရဟန်းတော်များကို ကူညီရန် ရခိုင်မှ အဖွဲ့တစ်ဖွဲ့ စစ်ကိုင်းသို့ ထွက်ခွာ

လက်ပံတောင်း ဒဏ်ရာရ ရဟန်းတော်များကို ကူညီရန် ရခိုင်မှ အဖွဲ့တစ်ဖွဲ့ စစ်ကိုင်းသို့ ထွက်ခွာ
by -
နိရဥ္စရာ

ပြည်တွင်း ပြည်ပ ရခိုင်အမျိုးသားများမှ ထည့်ဝင် လှူဒါန်းသော ငွေများကို စုဆောင်းပြီး ဒဏ်ရာရ ရဟန်းတော်များကို ကူညီနိုင်ရန် အတွက် ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင်မှ အဖွဲ့ တစ်ဖွဲ့သည် ယမန်နေ့က စစ်တွေမှနေ စစ်ကိုင်းသို့ ထွက်ခွာသွားသည်ဟု သတင်း ရရှိသည်။

အဆိုပါ အဖွဲ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်၊ ဗဟိုကော်မီတီ ၀င်များ ဖြစ်ကြသည့် ဦးစံကျော်လှနှင့် ရှေ့နေမကြီး ဒေါ်အေးနုစိန်တို့ ပါ၀င်သည်။

ယမန်နေ့က ခရီးမထွက်ခွာမှီ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားမည့် ဦးစံကျော်လှက နိရဥ္စရာကို ယခုလို ပြောသည်။

“ကျွန်တော်တို့က ဒီနေ့ည နေမှာ စခရီးထွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတာက ဒဏ်ရာ ရရှိထားတဲ့ ရဟန်းတော် တစ်ပါးကို ကျပ််ငွေ ငါးသောင်းစီ ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။ စုစုပေါင်း  ကျပ်သိန်း ၅၀ ခန့် ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အလှူငွေများမှာ ပြည်တွင်း ပြည်ပရှိ ရခိုင်အမျိုးသားများက ထည့်ဝင်လှူဒါန်းထားသောငွေများ ဖြစ်ပြီး ဆရာတော် သံဃာတော်တို့အား ကိုယ်တိုင်ကိုယ်ကျ အားပေး ဆပ်ကပ် လှူဒါန်းလို၍ ယခုလို သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီငွေတွေက လက်ပံတောင်းတောင် အရေးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတဲ့ ရဟန်းတော်တွေ အတွက် ရခိုင်ပြည်နယ်ထဲက ပြည်သူတွေ၊ ပြည်ပကို ရောက်ရှိနေကြတဲ့ ရခိုင်အမျိုးသားတွေဆီက ကျနော်တို့  ပါတီက စုဆောင်းကောက်ခံထားတာ ဖြစ်ပါတယ်။ အလှူရှင်တွေက အားတက်သရော ကူညီကြတဲ့ အတွက် ခုလို အရေးပေါ် သွားရောက် ကူညီနိုင်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ဒီဇင်္ဘာလ ၂ ရက်နေ့ကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်နေကြသည့် သပိတ်စခန်းများ ဖြိုခွဲခံရမူနှင့် ပတ်သက်ပြီး ကျေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျေညာချက်ထဲတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အတွက် ဆန္ဒဖေါ်ထုတ်နေသော စခန်းများကို အင်အားသုံး ဖြိုခွဲမူကြောင့် ဒဏ်ရာ ရရှိသွားသော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ အတွက် ပါတီနှင့် တကွ ရခိုင်ပြည်သူများ  အနေဖြင့် အထူး ကြေကွဲ ၀မ်းနည်းရသည်ဟု ဖေါ်ပြသည်။

၎င်းပြင် အကြမ်းဖက် ဖြိုခွဲကျူးလွန်သူများကို ဥပဒေနှင့် အညီ အရေးယူပေးရန်၊ စီမံကိန်းကြောင့် ဒေသခံများ၏ နစ်နာမူနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမူကို ပြန်လည် သုံးသပ်ရန်၊ ထိခိုက် ဒဏ်ရာရ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ၏ ဆေးဝါးကုသမူကို အပြည့်အဝ တာဝန်ယူရန်၊ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး ပြည်သူ ပြည်သားများ၏ ဆန္ဒကို အလေးထားဆုံးဖြတ်ရန် စသည့် အချက်များကို တောင်းဆိုထားသည်။

Most read this week