KIA နယ်မြေ၌ စစ်ဆင်ရေး ပြင်းထန်လာ

KIA နယ်မြေ၌ စစ်ဆင်ရေး ပြင်းထန်လာ
by -
ရွှေဟင်္သာ

ဒီဇင်ဘာ လဆန်းမှ စပြီး ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နယ်မြေ၌ စခန်းသိမ်း တိုက်ပွဲ အပါ၀င် အစိုးရ စစ်ဆင်ရေး လှုပ်ရှားမှုများ တိုးတက်များပြား လာခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တစ်ဦးက ပြောသည်။

“ဒီဇင်ဘာ (၂) ရက်နေ့က ကျနော်တို့ တပ်ရင်း (၃) ဖြစ်တဲ့ လော့ပွမ်စခန်းကို အစိုးရတပ်မ (၈၈) လက်အောက်ခံ တပ်တွေ က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ ပြီးတော့ ကချင်ပြည်နယ် အရှေ့ဖက် ပန်ဝါမှာလည်း တနေ့ကို တိုက်ပွဲတွေ (၉) ကြိမ် အထိ ဖြစ်လာတယ်။ တနိုင်းဖက်မှာလည်း ထိုးစစ် စနေပါတယ်။ ဒီတော့ အစိုးရ တပ်ဖွဲ့က ပိုပြီး လှုပ်ရှားလာနေတာ တွေ့ရပါတယ်” ဟု ဆိုသည်။

တပ်မဟာ (၁) ဒေသတွင် ပန်ဝါမြို့နယ် နယ်ခြားမှတ်တိုင် (၆) ရှိ KIA စခန်းတခုကို တပ်မ (၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၇၇) တပ်ဖွဲ့က နိုဝင်ဘာလ (၂၈) ရက်နေ့က ၈၁ မမ ခေါ် လက်နက်ကြီးဖြင့် အကြိမ် (၃၀) ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထို့အပြင်ဒေသတွင်း၌ ဒီဇင်ဘာလ (၁) ရက်နေ့ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း KIO ဘက်က ပြောဆိုသည်။

“အပြင်းထန်ဆုံးက တပ်မဟာ (၅) နယ်မြေနဲ့ တပ်မဟာ (၁) ဒေသ တို့ပါပဲ။ စခန်းသိမ်း တိုက်ပွဲတွေလို့ ဆိုနိုင်ပါတယ်။ တွေ့ ဆုံဆွေးနွေးရေး အတွက်ကို ရည်ရွယ်ရင်တော့ ဒီလိုမျိုး တပ်အင်အားနဲ့ လာတာကိုက ဝမ်းနည်းစရာ ကောင်းတယ်လို့ ဆိုချင် ပါတယ်။” ဟု KIO ဗဟို ကော်မတီဝင် တစ်ဦးက ဆိုသည်။

လက်ရှိ ဒေသတွင်း တိုက်ပွဲများပေါ် မူတည်၍ အောက်တိုဘာ (၃၀) ရက်နေ့ တရုတ်ပြည် ရွှေလီမြို့တွင် တွေ့ဆုံစဉ်က နိုဝင်ဘာလ အတွင်း နိုင်ငံရေးအရ တွေ့ဆုံရန် ၀န်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်သည် တရားဝင် ကမ်းလှမ်းတာ မဟုတ်ဘဲ အလွတ် သဘောအရ ပြောဆိုခြင်းသာ ဖြစ်သည် ဟု KIA ဘက်က ယူဆထားကြောင်း ဆိုသည်။

“ကျနော်တို့ ဘက်ကတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို တရားဝင်ဖြစ်ဖို့ တောင်းဆိုနေတာပါ။ အလွတ်သဘောနဲ့တော့ မတွေ့ချင်ပါဘူး။ ပြီးတော့ စစ်ရေးအရ အပစ်ရပ်ရေး ကိစ္စတွေကိုဘဲ ပြောပြီးတော့ လက်တွေ့မှာ အစိုးရဖက်က စခန်းသိမ်း တိုက်ပွဲတွေ စစ်ဆင်ရေး တွေကိုဘဲ ဆင်လာနေမှတော့ ယုံကြည်နိုင်စရာ မရှိတော့ပါဘူး။ ကျနော်တို့ ဖက်ကလည်း နိုင်ငံရေး အရ ဆွေးနွေးတော့မယ် ဆိုရင် ကချင်ပြည်သူရဲ့ သဘောထားတွေကိုလည်း ရယူဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း အချိန်ယူ ရပါ့မယ်” ဟု ၄င်းကဆိုသည်။

KIA သည် ၁၉၉၄ ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ ရွှေလီရေအားလျပ်စစ် စီမံကိန်း လုံခြံုရေး အကြောင်းပြချက်ဖြင့် အစိုးရက တိုက်ခိုက်ခဲ့ရာမှ ယနေ့အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်သည်။