စစ်တပ်သိမ်းဆည်းခဲ့သော လယ်များနှင့် အိမ်ခြံမြေများ ပြန်လည်ရရှိဖို့ ပြည်နယ်အစိုးရထံ တောင်းဆို

စစ်တပ်သိမ်းဆည်းခဲ့သော လယ်များနှင့် အိမ်ခြံမြေများ ပြန်လည်ရရှိဖို့ ပြည်နယ်အစိုးရထံ တောင်းဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်း အမှတ် (၁၀၂) ခြေလျင်တပ်ရင်းက သိမ်းဆည်းထားခဲ့သော အိမ်ခြံမြေများနှင့် လယ်ယာမြေများ ပြန်လည်ရရှိဖို့ ငွေတောင်ကျေးရွာမှ ဒေသခံများက ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။

ငွေတောင်ကျေးရွာနဲ့ဆက်စပ်ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတွေရဲ့ အိမ်ခြံမြေနှင့် လယ်ယာတွေကို ၁၉၈၄ ခုနှစ်က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းခံလယ်ယာမြေမှ တင်ပြတောင်းဆိုထားတဲ့နေရာတွေက ဒေါကလိုးခူကျေးရွာအနီးရှိလယ်တွေ ၊ ငွေတောင် အမှတ်(၁)စိုက်ကွင်းနှင့် ငွေတောင်ရွာဟောင်းရှိ အိမ်ယာမြေတွေ ဖြစ်ပါတယ်။  

ဒေါကလိုးခူကျေးရွာအနီးရှိလယ်တွေ စုစုပေါင်းဧက အတိအကျမသိရသော်လည်း ကျေးရွာအတွင်းရှိ ဒေသခံများအားလုံးက မိမိတို့ရဲ့လယ်ယာမြေကို တိတိကျကျဖော်ပြပေးနိုင်တယ်လို့ ဒီးမော့ဆိုမြို့နယ် ဒေါကလိုးခူကျေးရွာမှ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးတူရယ်က ပြောပါတယ်။

ဦးတူရယ်က “အခုအချိန်က သူများတွေသိမ်းထားတဲ့လယ်တွေပြန်ပေးမယ်ကြားတယ်လေး အဲဒါနဲ့ လုပ်စားစရာလယ်မရှိတာနဲ့ပဲ အဲဒါပြန်တောင်းတာပါ ။ မဟုတ်လဲ မြေမှမရှိခဲ့တော့တာ ဒီအကြားထဲမှာ ဟိုနားစပ်ကြား ဒီနားစပ်ကြားသွား လုပ်စားတာတွေတော့ရှိတယ်။ အဲဒါတော့ ရေတွေလည်းမရှိတော့ ဘယ်အဆင်ပြေမလဲ တရွာလုံးကြည့်လိုက်ရင် တခြားရွာနဲ့ယှဉ်ရင် နောက်ကျတဲ့နေရာကတော့ သူများတွေ လိုက်လို့ကိုမမှီဘူး။” လို့ ပြောပါတယ်။

ဒေသခံတွေရဲ့လယ်တွေကို သိမ်းဆည်းပြီးနောက် သီးစားခအဖြစ် ပြန်လုပ်ကိုင်စေခဲ့ပါတယ်။ သီးစားခအပြင် ရေခွန်၊ မြေခွန်တို့ ကိုလည်း ပေးဆောင်ခဲ့ကြရတာပါ။ ပြီးခဲ့တဲ့ နှစ်လမှစပြီးသီးစားခကို မတောင်းတော့ပဲ တပ်ပိုင်လယ်ကို အခမဲ့ စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးတယ်ဆိုပြီး စာချုပ်စာတမ်းတွေနဲ့တကွတောင်သူတွေကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်။ တချို့တောင်သူတွေက လက်မှတ်ထိုးကြသလို တချို့တောင်သူတွေကတော့ မထိုးကြပါဘူးလို့သိရပါတယ်။ ဒေသခံတွေက ၎င်းတို့ရဲ့လယ်မြေကို အခမဲ့တပ်ပိုင်လယ်စနစ် ကဲ့သို့ပြန်လည်စိုက်ပျိုးလုပ်ကိုင်စေသောနည်းထက် ကိုယ်ပိုင်လယ်အဖြစ် ပြန်လည်ရရှိဖို့ တောင်းဆိုထားကြတာဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းများ ရရှိထားသည့်ခံစားခွင့် လယ်ယာမြေပြန်လည်တောင်းဆို

ဒါ့အပြင် ၁၉၉၂ ခုနှစ်က ၎င်း (၁၀၂)တပ်မှ ထပ်မံသိမ်းဆည်းခဲ့သည့် ငွေတောင်စိုက်ကွင်း ကွင်းအမှတ်(၁၄) ဦးပိုင်အမှတ် ၂၃ အစိုးရပိုင်စိုက်ကွင်းမြေများအနက် တောင်သူများလုပ်လက်စ လယ် ၄၆ ဧကကိုလည်း ပြည်နယ်အစိုးရထံ တောင်းဆိုထားပါတယ်။

ငွေတောင်ကျေးရွာမှ စစ်မှုထမ်းဟောင်းတဦးက “ဒီမိုကရေစီခေတ်ရောက်ပြီဆိုပြီး သတင်းတွေထဲမှာလည်း ကြေငြာထားတယ်လေး နောက်ပြီး အရင်က သိမ်းဆည်းခဲ့တဲ့ လယ်တွေကိုလည်း ဒီမိုကရေစီနည်း လမ်းကျကျလုပ်သွားဖို့ လူထုအတွက်တော့ လုပ်ရမယ်ဆိုတော့ ကျနော်တို့လည်း ဘာပဲဖြစ်ဖြစ် ကိုယ့်ခံစားခွင့်ကိုတော့ ရသင့်ရထိုက်ပါတယ်။” လို့ ပြောပါတယ်။

၁၉၇၉ ခုနှစ်က အမှတ်(၁) ကယားသေနတ်ကိုင်တပ်ရင်းထွက် စစ်မှုထမ်းဟောင်းနှင့် ပြည်သူတွေပူးပေါင်းတဲ့ ပြည်သူ့စစ်အဖွဲ့အစည်းကို ရပ်ရွာလုံခြံုရေးအရ တာဝန်ပေးထားပြီး မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့ ပေးထားတဲ့ လယ်ယာမြေဖြစ်ပါတယ်။

၎င်းအမှတ်(၁)စိုက်ကွင်းက အစိုးရပိုင်မြေကနေပြီး စစ်မှုထမ်းဟောင်းတွေကို လုပ်ကိုင်စားသောက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တပ်မှ စစ်မှုထမ်းဟောင်းတွေ လုပ်ကိုင်စားသောက်တဲ့ လယ်တွေကို ထပ်မံ သိမ်းဆည်းလိုက်တာဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းတွေအနေနဲ့ အရင်က လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်တွေကို ပြန်လည်ရရှိဖို့အတွက် တဆက်တည်းမှာပဲ ပြည်နယ်အစိုးရထံ သြဂုတ်လကတည်းက တင်ပြ ထားတယ်လို့သိရပါတယ်။
 
ငွေတောင်ပြည်ရဲ့ ရွာဟောင်းမြေနေရာပြန်လည်ရရှိဖို့ ကြိုးစားနေ

အဓမ္မ ရွှေ့ပြောင်းစေခဲ့တဲ့ ငွေတောင်ရွာအရှေ့ဘက်ခြမ်း ခလရ (၁၀၂) တပ်စခန်းဘက်ကိုသွားတဲ့ လမ်းမနဘေးရှိ ပြည်သူ့ပိုင် အိုးအိမ်တွေကို ပြန်လည်ရရှိဖို့ တင်ပြတောင်းဆိုတဲ့အထဲမှာပါပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ငွေတောင်ကျေးရွာမှ ဒေသခံ ဦးအိုက်ဟန်က “  ကျနော်တို့ကငွေတောင်မှာနေ လာတာကြာပြီ အင်္ဂလိပ်ခေတ်ကတည်းကနေလာတာဆိုတော့ ဘိုးဘွားဘီဘေခေတ်ကတည်း ကနေလာတဲ့သူဆိုတော့ နှမျောတာပေါ့ လုံးဝအဆုံးရှုံးခံလို့မရဘူးလေ တပ်သိမ်းတယ်ဆိုတာက အဲဒီတုန်းက ဘယ်သူက အဲဒီမှာမိုင်းလာထောင်ထားမှန်းမသိဘူး အဲဒါကို ရွာသားတွေမိုင်းထောင်တယ်ဆိုပြီးတော့ ရွာသားတွေအားလုံးကို နှင်းကာ မောင်းထောင်းခဲ့တာ အဲဒီတုန်းကတော့ အိမ်တွေအတင်းဖျက်ခိုင်းတော့ မဖျက်မနေရဆိုဖျက်ရတာပဲလေး အဲဒီတုန်းက အိမ်ခြေ ၅၀ ကျော်ရွှေ့ပြောင်းခဲ့ရတယ်” လို့ ပြောပါတယ်။

၎င်းငွေတောင်ကျေးရွာအနီးနားရှိ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာမှာတော့ အစိုးရ အတွင်းရေးမှူး ဦးဇော်ဝင်းက “သူတို့ကတင်လို့ ကျနော်တို့ အဖွဲ့လိုက်ဆင်းကြည့်ပြီးပါပြီ လူထုကတင်ပြလို့ ကျနော်တို့အစိုးရအဖွဲ့က ဆင်းကြည့်ပြီးပါပြီ အဖွဲ့ကအစီရင်ခံစာမတင်သေးဘူး တင်လိမ့်မယ် အစိုးရပါတဲ့အဖွဲ့ဖြစ်တယ်။ အဲဒီမှာ တွေ့ရှိတဲ့အချက်တွေကို တင်ပြမှ အဲဒီမှာဘာတွေလုပ်ဖို့ရှိသလဲဆိုတာ သိရမယ်။” လို့ ပြောပါတယ်။

Most read this week